Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

သုတ္တံကျမ်း။ 7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ငါ့​သား​၊ ငါ့​စကား​တို့​ကို​စောင့်ထိန်း​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​လော့​။

2 ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။ ငါ​၏​သွန်သင်ချက်​ကို သင်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ထိန်း​လော့​။

3 ၎င်း​တို့​ကို သင်​၏​လက်ချောင်း​တို့​တွင်​ချည်​ထား​၍ သင်​၏​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။

4 ဉာဏ်ပညာ​အား “​သင်​သည် ငါ​၏​အစ်မ​ဖြစ်​သည်​”​ဟု ဆို​၍ အသိဉာဏ်​အား “​ဆွေမျိုးသားချင်း​”​ဟု ခေါ်​လော့​။

5 သို့ပြုလျှင် ၎င်း​တို့​သည် အကျင့်​ဖောက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း​၊ စကား​များ​ဖြင့်​မြှူဆွယ်​တတ်​သည့် ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။


ညှို့ယူဖမ်းစားခြင်းခံရသောလူငယ်

6 ငါ​သည် ငါ​၏​အိမ်​ပြတင်းပေါက်​ရာဇမတ်ကွက်​ကြားမှ မျှော်ကြည့်​သောအခါ

7 အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင် အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍ လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။

8 ထို​သူ​သည် မိန်းမ​တစ်​ဦး​နေထိုင်​ရာ လမ်း​ထောင့်​နား​မှ​ဖြတ်သွား​၍ ထို​မိန်းမ​၏​အိမ်​ရှိ​ရာ​လမ်း​သို့​လျှောက်သွား​လေ​၏​။

9 အချိန်​ကား မှောင်ရီပျိုး​ချိန်​၊ နေဝင်ချိန်​၊ ည​သန်းခေါင်​အချိန်​နှင့် မှောင်မိုက်​သော​အချိန်​ဖြစ်​၏​။

10 ထိုအခါ ပြည့်တန်ဆာ​အဝတ်​ကို​ဝတ်​၍ စိတ်နှလုံး​ထဲ၌ လျှို့ဝှက်​သော​အကြံ​ရှိ​သည့်​မိန်းမ​သည် သူ့​ကို​ကြိုဆို​လေ​၏​။

11 ထို​မိန်းမ​သည် အာကျယ်​၍​ခေါင်းမာ​၏​။ ခြေ​မ​ငြိမ်​၊ အိမ်​မ​ကပ်​၊

12 ယခုပင် အပြင်​၌​၊ ယခုပင် လမ်းဆုံ​၌​ရှိ​လျက် လမ်း​ထောင့်​ရှိသမျှ​တို့​၌ ချောင်းမြောင်း​နေ​တတ်​၏​။

13 သူ​သည် ထို​လုလင်​ကို​ဆွဲ​၍ နမ်း​ပြီးလျှင်

14 “​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍ ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။

15 ထို့ကြောင့် သင့်​ကို​ကြိုဆို​ရန် ထွက်လာ​၏​။ သင့်​ကို​ကြိုးစားရှာ​၍ ယခု​တွေ့​ပါ​ပြီ​။

16 ကျွန်မ​၏​ခုတင်​ကို အီဂျစ်​ပြည်​ဖြစ် ရောင်စုံ​ပိတ်ချော​အိပ်ရာခင်း​ဖြင့်​ခင်း​ထား​၍

17 ကျွန်မ​၏​အိပ်ရာ​ကို မုရန်​၊ သစ်မွှေး​နှင့် သစ်ကြံပိုး​နံ့သာ​တို့​ဖြင့် ထုံသင်း​မွှေးကြိုင်​စေ​ပါ​ပြီ​။

18 လာ​ပါ​။ မိုးလင်း​သည်​အထိ ချစ်တင်းနှော​၍ ချစ်ကြိုက်​ပျော်ပါး​ကြ​စို့​။

19 အကြောင်းမူကား ကျွန်မ​၏​ခင်ပွန်း​သည် အိမ်​မှာ​မ​ရှိ​။ ရပ်ဝေး​သို့ ခရီး​သွား​နေ​၏​။

20 ငွေ​အိတ်​ကို​ပါ ယူဆောင်​သွား​၏​။ လပြည့်​နေ့​မှ အိမ်​သို့​ပြန်လာ​မည်​”​ဟု ထို​လုလင်​အား မျက်နှာ​ပြောင်တိုက်​ပြောဆို​၏​။

21 ထို​မိန်းမ​သည် ဆွဲဆောင်​သော​စကား​များစွာ​တို့​ဖြင့် သူ့​ကို​မြှူဆွယ်​၍ မိမိ​နှုတ်ခမ်း​မှ ချိုသာ​သော​စကား​ဖြင့် သူ့​ကို​သွေးဆောင်​လေ​ရာ

22 နွား​သည် အသတ်​ခံရ​မည့်​နေရာ​သို့ လိုက်သွား​သကဲ့သို့​လည်းကောင်း​၊ ဆိုးမိုက်​သော​သူ​သည် မိမိ​အသည်း​ကို မြား​စူးဝင်​သည့်​တိုင်အောင် အပြစ်ဒဏ်​ခံ​ရာ​သို့ ခြေချင်းခတ်​ခံရ​လျက်​သွား​သကဲ့သို့​လည်းကောင်း​၊

23 ငှက်​သည် ကျော့ကွင်း​ထဲသို့ အလျင်အမြန်​ဝင်သွား​သကဲ့သို့​လည်းကောင်း သူ​သည် ထို​မိန်းမ​နောက်သို့ ချက်ချင်း​လိုက်သွား​လေ​၏​။ ထို​အမှု​သည် သူ့​အသက်​ကို​ဆုံးရှုံး​စေ​နိုင်​ကြောင်း​ကို သူ​မ​သိ​ပေ​။

24 သို့ဖြစ်၍ ငါ့​သား​တို့​၊ ငါ့​စကား​ကို​နားထောင်​ကြ​လော့​။ ငါ​၏​နှုတ်ထွက်​စကား​တို့​ကို​လည်း အာရုံစိုက်​နားထောင်​ကြ​လော့​။

25 သင်​၏​စိတ်နှလုံး​ကို ထို​မိန်းမ​၏​လမ်း​များ​ဘက်​သို့ မ​လှည့်​စေ​နှင့်​။ လမ်းလွဲ​၍ သူ​သွား​ရာ​လမ်း​များ​ထဲသို့ မ​သွား​နှင့်​။

26 အကြောင်းမူကား သူ​သည် များစွာ​သော​သူ​တို့​ကို​ဒဏ်ရာ​ရ​စေ​၍ လဲကျ​စေ​ခဲ့​၏​။ သူ​၏​သတ်ဖြတ်​ခြင်း​ခံရ​သော​သူ​အားလုံး​သည် အင်အားကြီး​သော​သူ​များ​ဖြစ်​ကြ​၏​။

27 သူ​၏​အိမ်​သည် သေ​ခြင်း​၏​အတွင်းခန်း​များ​သို့ ဆင်းသွား​သည့် မရဏာနိုင်ငံ​သို့​သွား​ရာ​လမ်း​များ​ဖြစ်​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ