သုတ္တံကျမ်း။ 29 - မြန်မာ့စံမီသမ္မာကျမ်း1 ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။ 2 ဖြောင့်မတ်သောသူတို့တိုးပွားသောအခါ လူတို့သည် ဝမ်းမြောက်ကြ၏။ ဆိုးယုတ်သောသူအုပ်စိုးသောအခါ၌မူကား လူတို့သည် ညည်းတွားကြ၏။ 3 ဉာဏ်ပညာကိုချစ်သောသူသည် မိမိ၏ဖခင်ကိုဝမ်းမြောက်စေ၏။ ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်သောသူမူကား စည်းစိမ်ဥစ္စာကိုဆုံးရှုံးစေ၏။ 4 ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။ 5 မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။ 6 မကောင်းမှုပြုသောသူသည် အပြစ်ကျူးလွန်ခြင်းထဲ၌ ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ရွှင်လန်းစွာသီချင်းဆိုလျက် ဝမ်းမြောက်တတ်၏။ 7 ဖြောင့်မတ်သောသူသည် ဆင်းရဲသောသူတို့၏အမှုအခင်းကို သိမြင်တတ်၏။ ဆိုးယုတ်သောသူသည် ထိုသို့သောအသိမျိုးကို နားမလည်တတ်။ 8 ပြက်ရယ်ပြုတတ်သောသူတို့သည် မြို့ကိုဆူပူအုံကြွစေတတ်၏။ ပညာရှိတို့မူကား အမျက်ကိုပြေစေတတ်၏။ 9 ပညာရှိသောသူသည် ဆိုးမိုက်သောသူနှင့်အမှုဖြစ်သောအခါ ဆိုးမိုက်သောသူသည် အမျက်ထွက်လျက်၊ ပြောင်လှောင်လျက်နေသဖြင့် အေးချမ်းမှုမရနိုင်။ 10 သွေးဆာသောသူတို့သည် အပြစ်တင်စရာမရှိသောသူကိုမုန်း၍ ဖြောင့်မှန်သောသူ၏အသက်ကိုသတ်ရန် ရှာကြံတတ်ကြ၏။ 11 မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။ 12 အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။ 13 ဆင်းရဲသောသူနှင့် ဖိနှိပ်ခြယ်လှယ်သောသူတို့၏တူညီသောအချက်မှာ သူတို့နှစ်ဦးလုံး၏မျက်စိတွင် ထာဝရဘုရားအလင်းပေးတော်မူခြင်းပင်ဖြစ်၏။ 14 ဆင်းရဲသောသူတို့ကို မှန်ကန်စွာတရားစီရင်သောရှင်ဘုရင်၏ ရာဇပလ္လင်သည် ထာဝစဉ်တည်မြဲလိမ့်မည်။ 15 ကြိမ်လုံးနှင့်ဆိုဆုံးမစကားသည် ဉာဏ်ပညာကိုပေး၏။ လွှတ်ထားသောကလေးသူငယ်မူကား သူ၏မိခင်ကိုအရှက်ကွဲစေတတ်၏။ 16 ဆိုးယုတ်သောသူတို့များပြားလာသောအခါ အပြစ်ကျူးလွန်ခြင်းသည်လည်း များပြားလာ၏။ သို့သော် သူတို့၏ပြိုလဲခြင်းကို ဖြောင့်မတ်သောသူတို့သည် တွေ့မြင်ရကြလိမ့်မည်။ 17 သင်၏သားကိုပဲ့ပြင်လော့။ သို့ပြုလျှင် သူသည် သင့်ကိုငြိမ်းချမ်းမှုပေး၍ သင်၏စိတ်ဝိညာဉ်ကို ကြည်နူးစေလိမ့်မည်။ 18 ဗျာဒိတ်နိမိတ်မရှိလျှင် လူတို့သည် စည်းလွတ်ဝါးလွတ်ပြုမူတတ်ကြ၏။ ပညတ်တရားကိုစောင့်ထိန်းသောသူမူကား မင်္ဂလာရှိ၏။ 19 အစေအပါးကို စကားအားဖြင့်သာ ပဲ့ပြင်၍မရနိုင်။ သူသည် နားလည်သော်လည်း တုံ့ပြန်လိမ့်မည်မဟုတ်။ 20 အလျင်စလိုစကားပြောဆိုတတ်သောသူကို သင်မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။ 21 မိမိ၏အစေအပါးကို ငယ်ရွယ်စဉ်မှစ၍ အလိုလိုက်လျှင် နောက်ဆုံးတွင် သူသည် မိုက်ရိုင်းစော်ကားတတ်သူဖြစ်သွားလိမ့်မည်။ 22 စိတ်တိုသောသူသည် အငြင်းပွားမှုဖြစ်ရန် လှုံ့ဆော်တတ်၏။ ဒေါသကြီးသောသူသည်လည်း အပြစ်များစွာကျူးလွန်တတ်၏။ 23 လူ၏မာန်မာနသည် သူ့ကိုနိမ့်ကျစေတတ်၏။ စိတ်နှိမ့်ချသောသူမူကား ဂုဏ်သရေကိုရလိမ့်မည်။ 24 သူခိုးနှင့်ဝေစုခွဲဝေသောသူသည် မိမိအသက်ကိုမုန်းသောသူဖြစ်၏။ သူသည် ကျိန်ခြင်းကိုကြားသော်လည်း မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိ။ 25 လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။ 26 များစွာသောလူတို့သည် အုပ်စိုးသူမင်းထံမှ မျက်နှာရရန်ရှာကြံတတ်ကြ၏။ သို့ရာတွင် လူသည် တရားမျှတမှုကို ထာဝရဘုရားထံတော်မှရ၏။ 27 ဖြောင့်မတ်သောသူသည် မတရားသောသူကို စက်ဆုပ်ရွံရှာတတ်၏။ ဆိုးယုတ်သောသူမူကား ဖြောင့်မှန်စွာပြုမူကျင့်ကြံသောသူကို စက်ဆုပ်ရွံရှာတတ်၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative