Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ရှင်ယောဟန် 1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


နိဒါန်း

1 အစအဦး​၌ နှုတ်ကပတ်တော်​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ​၏။ နှုတ်ကပတ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​၏။

2 နှုတ်ကပတ်တော်​သည် အစအဦး​၌ ဘုရားသခင်​နှင့်အတူ​ရှိ​၏။

3 ခပ်သိမ်း​သော​အရာ​တို့​သည် နှုတ်ကပတ်တော်​အားဖြင့် ဖြစ်လာ​၏။ ဖြစ်လာ​သော​အရာ​တို့​တွင် တစ်စုံတစ်ခု​မျှ နှုတ်ကပတ်တော်​နှင့်​ကင်းလွတ်​၍ ဖြစ်လာ​ခြင်း​မ​ရှိ။

4 နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။

5 ထို​အလင်း​သည် မှောင်မိုက်​၌​ထွန်းလင်း​၍ မှောင်မိုက်​သည် သူ့​ကို​မ​လွှမ်းမိုး​နိုင်။

6 ဘုရားသခင်​ထံမှ​စေလွှတ်​ခြင်း​ခံရ​သော ယောဟန်​အမည်​ရှိ​သူ​တစ်​ဦး​ပေါ်ထွန်း​လာ​၏။

7 လူ​အပေါင်း​တို့​သည် သူ့​အားဖြင့် ယုံကြည်​လာ​မည့်​အကြောင်း သူ​သည် အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန် သက်သေ​အဖြစ်​လာ​၏။

8 သူ​သည်​အလင်း​မ​ဟုတ်။ အလင်း​၏​အကြောင်း​ကို​သက်သေခံ​ရန်​သာ​လာ​၏။

9 စစ်မှန်​သော​အလင်း​သည် ဤ​လောက​သို့​ကြွလာ​၍ လူ​အပေါင်း​တို့​အား အလင်း​ကို​ပေး​သော​အရှင်​ဖြစ်​၏။

10 ကိုယ်တော်​သည် ဤ​လောက​၌​ရှိ​နှင့်​တော်မူ​၍ ဤ​လောက​သည် ကိုယ်တော်​အားဖြင့်​ဖြစ်လာ​သော်လည်း ဤ​လောက​သည် ကိုယ်တော်​ကို​မ​သိ။

11 ကိုယ်တော်​သည် မိမိ​အရပ်​သို့​ကြွလာ​သော်လည်း မိမိ​လူမျိုး​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။

12 သို့ရာတွင် ကိုယ်တော်​ကို​လက်ခံ​သမျှ​သော​သူ​တည်းဟူသော ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သူ​တို့​အား ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။

13 ထို​သားသမီး​တို့​သည် မျိုးရိုး​ဇာတိ​အားဖြင့်​သော်​လည်းကောင်း၊ ကိုယ်ကာယ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း၊ လူ​၏​အလိုဆန္ဒ​အားဖြင့်​သော်​လည်းကောင်း မွေးဖွား​ကြ​သည်​မ​ဟုတ်။ ဘုရားသခင်​အားဖြင့်​သာ မွေးဖွား​ကြ​၏။

14 နှုတ်ကပတ်တော်​သည် လူသား​အဖြစ်​ကို​ခံယူ​၍ အကျွန်ုပ်​တို့​တွင်​စံမြန်း​တော်မူ​သဖြင့် အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို ဖူးမြင်​ရ​ကြ​၏။ ထို​ဘုန်း​တော်​ကား ခမည်းတော်​ထံပါး​၌ တစ်ပါးတည်း​သော​သား​တော်​အဖြစ်​ရှိ​သော​ဘုန်း​တော်​ဖြစ်​လျက် ကျေးဇူး​တော်​နှင့်​လည်းကောင်း၊ သမ္မာတရား​နှင့်​လည်းကောင်း ပြည့်စုံ​၏။

15 ယောဟန်​သည် ထို​အရှင်​၏​အကြောင်း​ကို​သက်သေခံ​လျက် “ငါ့​နောက်​တွင် ကြွလာ​သော​အရှင်​သည် ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သည်​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​ပင်​ဖြစ်​သည်”​ဟု ကြွေးကြော်​လေ​၏။

16 အကျွန်ုပ်​တို့​အားလုံး​သည် ထို​အရှင်​၏​ပြည့်စုံ​တော်မူ​ခြင်း​ထဲမှ ကျေးဇူး​တော်​အပေါ်၌ ထပ်ဆင့်​၍ ကျေးဇူး​တော်​ကို​ခံစား​ရ​ကြ​ပြီ။

17 အကြောင်းမူကား ပညတ်​တရား​ကို မောရှေ​အားဖြင့်​ပေး​တော်မူ​၏။ ကျေးဇူး​တော်​နှင့်​သမ္မာတရား​မူကား ယေရှု​ခရစ်တော်​အားဖြင့်​ဖြစ်လာ​၏။

18 ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ဗတ္တိဇံဆရာယောဟန်၏သက်သေခံချက်

19 ဂျူး​လူမျိုး​တို့​သည် ယောဟန်​ထံသို့ ယဇ်ပုရောဟိတ်​များ​နှင့်​လေဝိ​အနွယ်ဝင်​များ​ကို ဂျေရုဆလင်​မြို့​မှ​စေလွှတ်​၍ “သင်​သည်​မည်သူ​နည်း”​ဟု မေးမြန်း​စေ​ကြ​သောအခါ ယောဟန်​၏​သက်သေခံ​ချက်​မှာ ဤသို့​ဖြစ်​၏။

20 ယောဟန်​သည် ထိမ်ဝှက်​ခြင်း​မ​ရှိ​ဘဲ ဝန်ခံ​၍ “ငါ​သည် ခရစ်တော်​မ​ဟုတ်”​ဟု အတိအလင်း​ပြော​လေ​၏။

21 ထိုအခါ သူ​တို့​က “သို့ဖြစ်လျှင် သင်​သည်​မည်သူ​နည်း။ ဧလိယ​လော”​ဟု မေး​ကြ​သော် ယောဟန်​က “ငါ​သည် ဧလိယ​မ​ဟုတ်”​ဟု ဆို​၏။ “ထို​ပရောဖက်​လော”​ဟု မေး​ကြ​ပြန်​သော် “မ​ဟုတ်”​ဟု ဆို​ပြန်​၏။

22 ထို​သူ​တို့​က​လည်း “သင်​သည်​မည်သူ​နည်း။ ငါ​တို့​ကို​စေလွှတ်​သော​သူ​တို့​အား ပြန်​၍​ဖြေကြား​နိုင်​ရန် သင့်​အကြောင်း​ကို သင်​မည်သို့​ပြော​မည်နည်း”​ဟု ဆို​ကြ​၏။

23 ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏”​ဟု ဆို​၏။

24 ထို​သူ​တို့​သည် ဖာရိရှဲ​တို့​ထဲမှ​စေလွှတ်​ခြင်း​ခံရ​သော​သူ​များ​ဖြစ်​ကြ​၏။

25 တစ်ဖန် သူ​တို့​က “သင်​သည် ခရစ်တော်​မ​ဟုတ်၊ ဧလိယ​လည်း​မ​ဟုတ်၊ ထို​ပရောဖက်​လည်း​မ​ဟုတ်​လျှင် အဘယ်ကြောင့်​ဗတ္တိဇံ​ပေး​သနည်း”​ဟု မေးမြန်း​ကြ​၏။

26 ယောဟန်​က​လည်း “ငါ​သည် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သင်​တို့​အလယ်​၌ သင်​တို့​မ​သိ​သော​အရှင်​တစ်​ပါး​ရပ်​လျက်​ရှိ​၏။

27 ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​သော​အရှင်​ဖြစ်​၏။ ထို​အရှင်​၏​ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်”​ဟု ပြန်​ပြော​၏။

28 ဤ​အခြင်းအရာ​တို့​သည် ယောဟန်​ဗတ္တိဇံ​ပေး​နေ​သော ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း၊ ဗေသနိ​ရွာ​တွင်​ဖြစ်ပျက်​ခဲ့​၏။


ဘုရားသခင်၏သိုးသငယ်တော်

29 နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။

30 ‘ငါ့​ထက်​အလျင်​ဦးစွာ​ရှိ​နှင့်​သည်​ဖြစ်၍ ငါ့​ထက်​ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်’​ဟု ငါ​ဆို​ခဲ့​သည်​မှာ ထို​အရှင်​၏​အကြောင်း​ပင်​ဖြစ်​သည်။

31 ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် အစ္စရေး​လူမျိုး​ရှေ့၌ သူ့​ကို​ထင်ရှား​စေရန် ငါ​သည်​လာ​၍ ရေ​၌​ဗတ္တိဇံ​ပေး​လျက်​နေ​သည်”​ဟု ဆို​၏။

32 တစ်ဖန် ယောဟန်​သည် သက်သေခံ​သည်​ကား “ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့ ကောင်းကင်​မှ​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို ငါ​မြင်​ရ​ပြီ။

33 ငါ​သည်​လည်း အစ​က သူ့​ကို​မ​သိ။ သို့ရာတွင် ရေ​၌​ဗတ္တိဇံ​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​က ‘တစ်စုံတစ်ဦး​အပေါ်သို့ ဝိညာဉ်​တော်​ဆင်းသက်​၍ သူ့​အပေါ်၌​တည်​တော်မူ​သည်​ကို သင်​မြင်​လျှင် ထို​သူ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၌ ဗတ္တိဇံ​ပေး​သော​သူ​ဖြစ်​၏’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း

34 ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။

35 နောက်တစ်နေ့​၌ ယောဟန်​သည် တစ်ဖန် မိမိ​၏​တပည့်​နှစ်​ဦး​တို့​နှင့်အတူ ရပ်​နေ​စဉ်

36 ယေရှု​ကြွ​တော်မူ​သည်​ကို​မြင်​၍ “ကြည့်​လော့။ ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း”​ဟု ဆို​၏။

37 ထိုသို့ ယောဟန်​ပြောဆို​သည်​ကို တပည့်​နှစ်​ဦး​တို့​သည်​ကြား​လျှင် ယေရှု​နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

38 ယေရှု​သည်​လှည့်​၍ ထို​သူ​တို့​လိုက်​လာ​ကြ​သည်​ကို​မြင်​လျှင်“မည်သည့်​အရာ​ကို​အလိုရှိ​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ ထို​သူ​တို့​က​လည်း “ရဗ္ဗိ၊ ကိုယ်တော်​အဘယ်မှာ​နေ​တော်မူ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ (ရဗ္ဗိ​၏​အဓိပ္ပာယ်​မှာ ဆရာ​ဟူ၍​ဖြစ်​၏။)

39 ယေရှု​က“လာ​ကြ​လော့။ သင်​တို့​သိမြင်​ရ​လိမ့်မည်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း သူ​တို့​သည်​လိုက်​သွား​၍ နေ​တော်မူ​ရာ​အရပ်​ကို​တွေ့မြင်​ကြ​ပြီး ထို​နေ့​၌ ကိုယ်တော်​နှင့်အတူ​နေ​ခဲ့​ကြ​၏။ ထို​အချိန်​ကား ညနေ​လေး​နာရီ​ခန့်​ဖြစ်​၏။

40 ယောဟန်​၏​စကား​ကို​ကြား​၍ နောက်​တော်​သို့​လိုက်​သွား​သော​သူ​နှစ်​ဦး​ထဲမှ​တစ်​ဦး​သည် ရှိမုန်​ပေတရု​၏​ညီ​အန္ဒြေ​ဖြစ်​၏။

41 အန္ဒြေ​သည် မိမိ​အစ်ကို​ရှိမုန်​ကို ဦးစွာ​တွေ့​၍ “ငါ​တို့​သည် မေရှိယ​ကို​တွေ့​ကြ​ပြီ”​ဟု ဆို​လျက်

42 သူ့​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​၏။ (မေရှိယ​၏​အဓိပ္ပာယ်​မှာ ဘိသိက်​ခံရ​သူ​ဟူ၍​ဖြစ်​၏။) ယေရှု​သည် ရှိမုန်​ကို​စူးစိုက်​ကြည့်​၍“သင်​သည် ယောဟန်​၏​သား​ရှိမုန်​ဖြစ်​၏။ သင်​သည် ကေဖ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ (ကေဖ​၏​အဓိပ္ပာယ်​မှာ ကျောက်​ဟူ၍​ဖြစ်​၏။)


ဖိလိပ္ပုနှင့်နာသနေလ

43 နောက်တစ်နေ့​တွင် ယေရှု​သည် ဂါလိလဲ​နယ်​သို့​ထွက်ခွာ​ရန် အလို​တော်​ရှိ​၏။ ထိုအခါ ဖိလိပ္ပု​ကို​တွေ့​လျှင်“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။

44 ဖိလိပ္ပု​သည် အန္ဒြေ​နှင့်​ပေတရု​တို့​၏​ဇာတိ​မြို့​ဖြစ်​သော ဗက်ဇဲဒ​မြို့​မှ​လာ​သော​သူ​ဖြစ်​၏။

45 ဖိလိပ္ပု​သည် နာသနေလ​ကို​တွေ့​လျှင် “မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​လည်းကောင်း၊ ပရောဖက်​တို့​သည်​လည်း သူတို့ကျမ်း​၌​လည်းကောင်း ရေးသား​ဖော်ပြ​ထား​သော​သူ၊ ယောသပ်​၏​သား၊ နာဇရက်​မြို့​မှ​ယေရှု​ကို ငါ​တို့​တွေ့​ကြ​ပြီ”​ဟု ဆို​၏။

46 နာသနေလ​က​လည်း “နာဇရက်​မြို့​ထဲမှ ကောင်း​သော​အရာ​တစ်စုံတစ်ခု​ထွက်​နိုင်​သလော”​ဟု ဆို​သော် ဖိလိပ္ပု​က “လာ​၍​ကြည့်​ပါ”​ဟု ဆို​လေ​၏။

47 ယေရှု​သည် မိမိ​ထံသို့ နာသနေလ​လာ​နေ​သည်​ကို​မြင်​လျှင်“ကြည့်​လော့။ စစ်မှန်​သော​အစ္စရေး​အမျိုးသား​ပေတည်း။ သူ​၌​စဉ်းလဲ​ခြင်း​မ​ရှိ”​ဟု သူ့​ကို​ရည်ညွှန်း​၍ မိန့်​တော်မူ​၏။

48 နာသနေလ​က​လည်း “ကိုယ်တော်​သည် အကျွန်ုပ်​ကို မည်သို့​သိ​ပါ​သနည်း”​ဟု မေးလျှောက်​သော် ယေရှု​က“ဖိလိပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ သင်​သည် သဖန်းပင်​အောက်၌​ရှိ​နေ​သည်​ကို ငါ​မြင်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။

49 နာသနေလ​က “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စရေး​ဘုရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။

50 ယေရှု​က​လည်း“သဖန်းပင်​အောက်၌ သင့်​ကို ငါ​မြင်​သည်​ဟု​ဆို​သောကြောင့် သင်​ယုံကြည်​သလော။ ဤ​ထက်​ကြီးမြတ်​သော​အရာ​များ​ကို သင်​မြင်​ရ​လိမ့်မည်”​ဟု ပြန်​၍​မိန့်​တော်မူ​ပြီးလျှင်

51 “သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ကောင်းကင်​သည်​ပွင့်​လျက် ဘုရားသခင်​၏​ကောင်းကင်တမန်​တို့​သည် လူ့သား​၏​အပေါ်တွင် တက်​လျက်​ဆင်း​လျက်​နေ​ကြ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ