Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ဗိလဒဒ် ပြောသောစကား

1 ထိုအခါ ရှုအာ​အမျိုးသား ဗိလဒဒ်​က

2 “မည်သည့်​အချိန်​ထိ ဤသို့​ပြော​နေ​ဦး​မည်နည်း​။ သင့်​နှုတ်ထွက်စကား​များ​မှာ လေပြင်း​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။

3 ဘုရားသခင်​သည် တရားမျှတမှု​ကို မတရားမှု​ဖြစ်​စေ​မည်လော​။ အနန္တတန်ခိုးရှင်​သည် ဖြောင့်မတ်​ခြင်း​ကို ကောက်ကွေ့​စေ​မည်လော​။

4 သင့်​သားသမီး​တို့​သည် ကိုယ်တော့်​ကို​ပြစ်မှား​လျှင် သူ​တို့​ကျူးလွန်​သော​အပြစ်​လက်​ထဲသို့ သူ​တို့​ကို​အပ်​တော်မူ​မည်​သာ​ဖြစ်​၏​။

5 သင်​သည် ဘုရားသခင်​ကို ကြိုးစားရှာ​၍ အနန္တတန်ခိုးရှင်​ထံ အသနားခံ​တောင်းလျှောက်​မည်​ဆို​လျှင်​၊

6 သင်​သာ သန့်ရှင်း​ဖြောင့်မတ်​မည်​ဆို​လျှင် ယခုပင် ကိုယ်တော်​သည် ထ​၍ သင်​၏​ဖြောင့်မတ်​ခြင်း​တည်​ရာ​ကို ပြန်ပေး​တော်မူ​မည်​။

7 သင်​သည် အစ​တွင် သိမ်ငယ်​နေ​ရ​သော်လည်း အဆုံး​တွင် အလွန်​ကြီးပွား​လိမ့်မည်​။

8 ယခင်​မျိုးဆက်​တို့​ကို မေးမြန်း​ကြည့်​လော့​။ သူ​တို့​ဘိုးဘေး​တို့ စူးစမ်းလေ့လာ​ခဲ့​သော​အရာ​ကို ဆင်ခြင်​ကြည့်​လော့​။

9 အကြောင်းမူကား ငါ​တို့​သည် မနေ့တနေ့​က​မှ လူ​ဖြစ်လာ​သဖြင့် ဘာမျှ​မ​သိ​နား​မ​လည်​ကြ​ပါ​။ ကမ္ဘာမြေ​ပေါ်တွင် ငါ​တို့​၏​နေ့ရက်​များ​သည် အရိပ်​မျှသာ​ဖြစ်​ပါ​၏​။

10 သူ​တို့​သည် သင့်​ကို မ​သွန်သင်​၊ မ​ပြောပြ​ဘဲ​နေ​မည်လော​။ သူ​တို့​နှလုံးသား​ထဲမှ​စကား​များ​ကို​လည်း ထုတ်ဖော်​မ​ပြော​ဘဲ​နေ​မည်လော​။

11 ရွှံ့နွံ​မ​ရှိ​ဘဲ ကျူပင်ကြီး​ပေါက်​နိုင်​မည်လော​။ ရေ​မ​ရှိ​ဘဲ ကျူတော​ထူထပ်​နိုင်​မည်လော​။

12 ထို​အပင်​သည် ခုတ်ပစ်​ခြင်း​ကို​မ​ခံရ​၊ စိမ်းစို​လျက်​ရှိ​နေ​စဉ်​မှာပင် အခြား​အပင်​တို့​ထက်​အလျင် ခြောက်သွေ့​သွား​တတ်​၏​။

13 ဘုရားသခင်​ကို​မေ့လျော့​သော​သူ​အပေါင်း​တို့​၏​လမ်းခရီး​သည်​လည်း ထိုနည်းတူ​ဖြစ်​၏​။ ဘုရားတရားမဲ့​သော​သူ​၏​မျှော်လင့်​ခြင်း​သည်​လည်း ပျက်စီး​ရ​လိမ့်မည်​။

14 သူ​ယုံကြည်အားထား​သော​အရာ​သည် မတည်တံ့​။ သူ​ကိုးစားသောအရာ​သည်​လည်း ပင့်ကူ​အိမ်​မျှသာ ဖြစ်​၏​။

15 သူ့​အိမ်​သည် မှီ​၍​ရ​အောင် ခိုင်ခံ့​သည်​မ​ဟုတ်​။ ဖမ်းဆွဲ​ထား​နိုင်​အောင် ခိုင်မြဲ​သည်​မ​ဟုတ်​။

16 သူ​သည် နေရောင်​အောက်​တွင် စိမ်းလန်း​၍ သူ​၏​အညွန့်​သည် ဥယျာဉ်​အနှံ့ ဖြာထွက်​နေ​၏​။

17 သူ​၏​အမြစ်​များ​သည် ကျောက်ပုံ​ကို ရစ်ပတ်​ထား​ပြီး ကျောက်တုံး​များ​ကြား​တွင် နေရာ​ရှာ​တတ်​၏​။

18 သို့သော် ထို​နေရာ​မှ ဆွဲနုတ်​ခြင်း​ခံရ​သောအခါ ထို​နေရာ​က ‘​သင့်​ကို ငါ​မ​တွေ့​မ​မြင်​ဖူး​ပါ​’​ဟု သူ့​ကို ငြင်းဆို​လိမ့်မည်​။

19 ကြည့်ရှု​လော့​။ ဤသည်ကား သူ​နှစ်သက်​သော​ခရီးလမ်း​ဖြစ်​၏​။ မြေကြီး​မှ​လည်း အခြား​အပင်​တို့ ထပ်​ပေါက်​ကြ​လိမ့်မည်​။

20 အကယ်စင်စစ် ဘုရားသခင်​သည် အပြစ်တင်စရာမရှိ​သော​သူ​ကို စွန့်ပယ်​မ​ထား​။ ဆိုးညစ်​သော​သူ​တို့​ကို အားပေးထောက်မ​မည်​မ​ဟုတ်​။

21 သင့်​နှုတ်​ကို ရယ်မော​ခြင်း​ဖြင့်​လည်းကောင်း​၊ သင့်​နှုတ်ခမ်း​ကို ဝမ်းမြောက်​စွာ​ကြွေးကြော်​ခြင်း​ဖြင့်​လည်းကောင်း ပြည့်ဝ​စေ​တော်မူ​မည်​။

22 သင့်​ကို​မုန်း​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​ကို ဝတ်ဆင်​ရ​ကြ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​၏​တဲ​သည်​လည်း ပျောက်ကွယ်​သွား​လိမ့်မည်​”​ဟု ဆို​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ