ယောဘဝတ္တု။ 37 - မြန်မာ့စံမီသမ္မာကျမ်း1 ဤအမှုကြောင့် အကျွန်ုပ်သည် နှလုံးတုန်ရင်ခုန်ရပါ၏။ 2 ကိုယ်တော့်ထံမှ မြည်ဟိန်းသောအသံ၊ နှုတ်တော်မှထွက်သောအသံတော်ကို သေချာစွာနားထောင်ကြလော့။ 3 ကိုယ်တော်သည် အသံတော်ကို ကောင်းကင်အောက်တစ်ခွင်လုံးသို့ လွှတ်တော်မူ၍ မြေကြီးစွန်းတိုင်အောင် လျှပ်စီးကိုလက်စေတော်မူ၏။ 4 လျှပ်စီးလက်ပြီးမှ အသံတော်မြည်ဟိန်းထွက်လာ၏။ ဘုန်းကြီးသောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ အသံတော်ကိုကြားရသည်နှင့် လျှပ်စီးကို အတားအဆီးမရှိ လွှတ်လိုက်တော်မူ၏။ 5 ဘုရားသခင်သည် အံ့ဖွယ်သောအသံတော်ဖြင့် မိုးခြိမ်းစေတော်မူ၏။ ကြီးမြတ်သောအမှု၊ ငါတို့နားမလည်နိုင်သောအမှုကို ပြုတော်မူ၏။ 6 နှင်းပွင့်ကို ‘မြေကြီးပေါ်သို့ကျစေ’၊ မိုးစက်များကို ‘သည်းထန်စွာရွာသွန်းစေ’ဟု အမိန့်ပေးတော်မူ၏။ 7 ကိုယ်တော်သည် မိမိပြုတော်မူသောအမှုကို လူအပေါင်းတို့သိမည့်အကြောင်း လူတို့လုပ်သောအလုပ်ကို ရပ်စဲစေတော်မူ၏။ 8 ထိုအခါ တိရစ္ဆာန်တို့သည် သားအောင်းဂူထဲသို့ ဝင်သွားကြ၍ တွင်းထဲတွင် အောင်းနေကြ၏။ 9 လေပွေသည် တောင်အရပ်မှလည်းကောင်း၊ အေးမြသောလေသည် မြောက်အရပ်မှလည်းကောင်း တိုက်ခတ်လာ၏။ 10 ဘုရားသခင်၏ထွက်သက်လေဖြင့် ရေခဲ၍ ရေမျက်နှာပြင် အေးခဲလေ၏။ 11 တိမ်တိုက်ကို ရေငွေ့များနှင့်ဖွဲ့ထား၍ လျှပ်စီးလက်သောအခါ မိုးတိမ်များကိုကွဲလွင့်သွားစေ၏။ 12 ကိုယ်တော်စေညွှန်ရာသို့ မိုးတိမ်များလွင့်ပါသွား၏။ အမိန့်တော်အတိုင်းပြုဖို့ရန် ကမ္ဘာလောကတစ်ခွင်လုံးသို့ လွင့်မျောလေ၏။ 13 ဒဏ်ခတ်ဖို့ဖြစ်စေ၊ မြေကြီးဖို့ဖြစ်စေ၊ မေတ္တာပြဖို့ဖြစ်စေ ဤသို့ဖြင့် မိုးတိမ်များကိုဖြစ်ပေါ်စေတတ်၏။ 14 အို ယောဘ၊ နားထောင်ပါလော့။ ငြိမ်ဝပ်စွာနေ၍ ဘုရားသခင်ပြုသောအံ့ဖွယ်အမှုတို့ကို ဆင်ခြင်ကြည့်ပါလော့။ 15 ဘုရားသခင်သည် မိုးတိမ်များကို မည်သို့ထိန်းချုပ်ထားသည်ကိုလည်းကောင်း၊ မိုးတိမ်ထဲမှ မည်သို့လျှပ်စီးလက်စေသည်ကိုလည်းကောင်း သင်သိပါသလော။ 16 တိမ်တိုက်များ မည်သို့လွင့်မျောနေသည်ကို သင်သိပါသလော။ ထိုအမှုသည် အလုံးစုံကိုသိမြင်သောအရှင် ပြုတော်မူသည့် အံ့ဖွယ်အမှုဖြစ်၏။ 17 တောင်လေကြောင့် ကမ္ဘာမြေကြီး ဆိတ်ငြိမ်သွားချိန်တွင် အဘယ်ကြောင့် သင့်အဝတ် ပူနွေးနေသနည်း။ 18 သင်သည် ကိုယ်တော်နှင့်အတူ မိုးကောင်းကင်ကို ကြေးမုံပြင်ကဲ့သို့သွန်းလုပ်၍ ခိုင်ခံ့စွာဖြန့်ကြက်ထားသလော။ 19 ကိုယ်တော်အား မည်သို့ပြန်လျှောက်ရမည်ကို အကျွန်ုပ်တို့အား သင်ပြပါ။ အကျွန်ုပ်တို့မှာ အသိမှောင်မိုက်သောကြောင့် အစီအစဉ်တကျမတင်ပြတတ်ပါ။ 20 ‘ငါ ပြောစရာရှိသည်’ဟု ကိုယ်တော့်အား ဆိုသင့်သလော။ လူသည် အသက်ဆုံးရှုံးခံပြီး ထိုသို့ဆိုသင့်သလော။ 21 လေတိုက်၍ မိုးတိမ်များကင်းစင်သွားသောအခါ ကောင်းကင်၌တောက်ပသောအလင်းကို လူတို့မကြည့်နိုင်။ 22 မြောက်အရပ်မှ ရွှေရောင်အလင်းတန်း ဖြာထွက်လာ၏။ ဘုရားသခင်၏ဘုန်းကျက်သရေတော်မှာ အံ့မခန်းဖွယ်ပါတကား။ 23 အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။ 24 သို့ဖြစ်၍ လူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ကြပါ၏။ မိမိကိုယ်ကို ပညာရှိဟု မှတ်ယူသူတို့အား ကိုယ်တော် အရေးစိုက်တော်မမူ”ဟု ဆိုလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative