Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


တတိယအကြိမ် ‌အပြန်အလှန်ပြောသောစကား ဧလိဖတ် ပြောသောစကား

1 ထိုအခါ တေမန်​အမျိုးသား ဧလိဖတ်​က

2 “​ပညာရှိ​သည် မိမိ​ကောင်းကျိုး​အတွက် ပြု​နိုင်​သကဲ့သို့ လူ​သည် ဘုရားသခင်​၏​ကောင်းကျိုး​အတွက် ပြု​နိုင်​မည်လော​။

3 သင်​၏​ဖြောင့်မတ်​ခြင်း​သည် အနန္တတန်ခိုးရှင်​ကို နှစ်သက်​စေ​မည်လော​။ သင်​၏​အပြစ်ကင်း​သော​အပြုအမူ​များ​သည်​လည်း ကိုယ်တော့်​ကို အကျိုးစီးပွား​ဖြစ်​စေ​မည်လော​။

4 သင်​၏​ကြောက်ရွံ့ရိုသေမှု​ကြောင့် သင့်​ကို ဆုံးမ​တော်မူ​သလော​။ သင်​နှင့် တရားပြိုင်​တော်မူ​သလော​။

5 သင်​ပြု​သော​မကောင်းမှု​များ​မှာ များပြား​လွန်း​သည်​မ​ဟုတ်​လော​။ သင်​ပြု​သော​အပြစ်​များ​မှာ​လည်း အဆုံး​မ​ရှိ​။

6 သင်​သည် ကိုယ့်​ညီအစ်ကို​တို့​၏​အပေါင်ပစ္စည်း​ကို​ပင် အကြောင်းမဲ့​သိမ်းယူ​၍ သူ​တို့​၏​အဝတ်​ကို ချွတ်ယူ​ကာ အဝတ်မပါ​အချည်းစည်း ရှိ​စေ​၏​။

7 မောပန်း​သူ​ကို ရေ​မ​တိုက်​၊ ဆာလောင်မွတ်သိပ်​သူ​ကို အစာ​မ​ကျွေး​ဘဲ နေ​၏​။

8 အာဏာရှိ​သော​သူ​တို့​သည် မြေ​များ​ကို ပိုင်ဆိုင်​၍ ဂုဏ်သရေရှိ​သော​သူ​တို့​သည် ထို​မြေ​ပေါ်တွင် နေထိုင်​ကြ​၏​။

9 မုဆိုးမ​တို့​ကို လက်ဗလာ​နှင့်​ပြန်လွှတ်​ပြီး မိဘမဲ့​တို့​၏​လက်ရုံး​များ​ကို ချိုးဖျက်​ပစ်​၏​။

10 ထို့ကြောင့် ကျော့ကွင်း​များ​သည် သင့်​ကို​ဝိုင်းရံ​ထား​ပြီး ရုတ်တရက်​ကျရောက်​သော​ကြောက်မက်ဖွယ်ဘေး​သည်​လည်း သင့်​ကို ထိတ်လန့်​စေ​ပြီ​။

11 အမှောင်ကျ​သဖြင့် သင်​ဘာမျှ​မ​မြင်​နိုင်​။ ရေထုကြီး​သည် သင့်​ကို​လွှမ်းမိုး​လေ​ပြီ​။

12 ဘုရားသခင်​သည် အမြင့်ဆုံး​မိုးကောင်းကင်​တွင် စံမြန်း​တော်မူ​သည်​မ​ဟုတ်​လော​။ အမြင့်ဆုံး​သော​ကြယ်​များ​သည်​လည်း မည်မျှပင်​မြင့်​လှ​သည်​ကို ကြည့်​ပါ​လော့​။

13 သို့ပါလျက် သင်​က ‘​ဘုရားသခင်​သည် မည်သို့​သိမြင်​တော်မူ​သနည်း​။ အမှောင်ထု​ကို ထိုးထွင်း​ပြီး တရားစီရင်​တော်မူ​နိုင်​မည်လော​။

14 တိမ်ထုကြီး​သည် ကိုယ်တော့်​ကို ကာ​ထား​သဖြင့် ကိုယ်တော်​သည် ဘာမျှ​မ​မြင်​နိုင်​။ မိုးကောင်းကင်​အဝန်းအဝိုင်း​တွင်​သာ သွားလာ​လျက်​နေ​တော်မူ​သည်​’​ဟု ဆို​၏​။

15 ဒုစရိုက်သမား​တို့​လျှောက်​သော​လမ်းဟောင်း​အတိုင်း သင်​လိုက်​မည်လော​။

16 ထို​သူ​တို့​သည် အချိန်​မတိုင်မီ ဖျက်ဆီး​ခြင်း ခံရ​နိုင်​၏​။ သူ​တို့​ရပ်တည်​ရာ​မဏ္ဍိုင်​သည်​လည်း ရေစုန်မျော​သွား​နိုင်​၏​။

17 သူ​တို့​က ဘုရားသခင်​အား ‘​ငါ​တို့​ထံမှ ထွက်သွား​လော့​။ အနန္တတန်ခိုးရှင်​သည် ငါ​တို့​အား မည်သို့​ပြု​နိုင်​မည်နည်း​’​ဟု ဆို​တတ်​ကြ​၏​။

18 သို့သော် ကိုယ်တော်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အရာ​များ​နှင့် ပြည့်​စေ​၏​။ လူဆိုး​တို့​၏​အကြံဉာဏ်​မူကား ငါ​နှင့်​ဝေး​၏​။

19 ဖြောင့်မတ်​သော​သူ​တို့​သည် မြင်​၍ ဝမ်းသာအားရ​ဖြစ်​ကြ​၏​။ အပြစ်ကင်း​သော​သူ​သည်​လည်း သူ​တို့​အား ပြက်ရယ်ပြု​၏​။

20 သူ​တို့​က ‘​အကယ်စင်စစ် ငါ​တို့​၏​ရန်သူ ပျက်စီး​လေ​ပြီ​။ သူ​တို့​၏​စည်းစိမ်ဥစ္စာ​ကို​လည်း မီး​လောင်ကျွမ်း​လေ​ပြီ​’​ဟု ဆို​ကြ​၏​။

21 ဘုရားသခင်​နှင့် အကျွမ်းဝင်​၍ သင့်မြတ်​အောင်​နေ​လော့​။ သို့ပြုလျှင် ကောင်းကျိုးချမ်းသာ​ကို သင်​စံစား​ရ​မည်​။

22 နှုတ်​တော်​ထွက်​တရားတော်​တို့​ကို နာခံ​၍ စကား​တော်​တို့​ကို နှလုံးသွင်း​လော့​။

23 အနန္တတန်ခိုးရှင်​ထံ​ပြန်လာ​လျှင် သင့်​ကို ပြန်တည်ဆောက်​တော်မူ​မည်​။ မတရားမှု​များ​ကို သင့်​တဲ​များ​နှင့် ဝေးကွာ​စေ​၍

24 ရွှေ​ကို မြေမှုန့်​ထဲ၌​၊ ဩဖိရ​ရွှေ​ကို မြစ်​ထဲမှ​ကျောက်​ကြား​၌ ပစ်ထား​မည်​ဆိုလျှင်

25 အနန္တတန်ခိုးရှင်​သည် သင့်​အဖို့ ရွှေ​၊ သင့်​အဖို့​ငွေစင် ဖြစ်​လိမ့်မည်​။

26 အကယ်စင်စစ် သင်​သည် အနန္တတန်ခိုးရှင်​၌ မွေ့လျော်​၍ ဘုရားသခင်​ကို ဖူးမြော်​ရ​လိမ့်မည်​။

27 သင်​ဆုတောင်း​သောအခါ ကိုယ်တော်​သည် နားညောင်း​တော်မူ​မည်​။ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို​လည်း သင်​ပြည့်စုံ​စေ​နိုင်​လိမ့်မည်​။

28 သင်​ကြံစည်​ထား​သော​အရာ​သည် အထမြောက်​လိမ့်မည်​။ သင်​၏​လမ်း​များ​သည်​လည်း ထွန်းလင်း​လိမ့်မည်​။

29 နှိမ့်ချ​ခံ​နေ​ရ​သူ​တို့​အဖို့ သင်​က ‘​သူ​တို့​ကို ချီးမြှောက်​တော်မူ​ပါ​’​ဟု ဆုတောင်း​ပေး​လျှင် ကိုယ်တော်​သည် နိမ့်ကျ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​မည်​။

30 အပြစ်​မ​ကင်း​သော​သူ​ကို​ပင်လျှင် လွတ်မြောက်​ခွင့်​ပေး​တော်မူ​လိမ့်မည်​။ စင်ကြယ်​သော​သင့်​လက်​ကြောင့် သူ့​ကို လွတ်မြောက်​စေ​တော်မူ​မည်​”​ဟု ဆို​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ