Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ယောဘက ဇောဖာကို တုံ့ပြန်သောစကား

1 ထိုအခါ ယောဘ​က

2 “သင်​တို့​သည် လူ​ဖြစ်​၍ သင်​တို့​သေ​လျှင် ဉာဏ်ပညာ​သည်​လည်း သင်​တို့​နှင့်အတူ သေ​သွား​လိမ့်မည်​မှာ ယုံမှားဖွယ်​မ​ရှိ​။

3 ငါ​သည်​လည်း သင်​တို့​ကဲ့သို့ အသိစိတ်​ရှိ​၍ သင်​တို့​ထက် မ​ညံ့​။ ဤကဲ့သို့သော​အရာ​များ​ကို အဘယ်သူ​မ​သိ​ဘဲ​နေ​မည်နည်း​။

4 ယခုမှာ ငါ​သည် မိတ်ဆွေ​တို့ ပြက်ရယ်ပြုစရာ​အကြောင်း ဖြစ်​ရ​လေ​ပြီ​။ ဘုရားသခင်​ကို​ခေါ်​လျှင် ဘုရားသခင်​ထူး​သော​သူ​၊ အပြစ်တင်စရာမရှိ ဖြောင့်မတ်​သော​သူ​သည် ပြက်ရယ်ပြုစရာ ဖြစ်​ရ​လေ​ပြီ​တကား​။

5 ဘေးဆိုး​ကို​မ​ကြုံ​ဖူး​သူ​သည် ဘေးဆိုး​အား လှောင်ရယ်စရာ​တစ်​ခု​အဖြစ်​လည်းကောင်း​၊ ခြေချော်​သူ​တို့​ကြုံတွေ့​ရန် အသင့်ရှိ​သော​အရာ​တစ်​ခု​အဖြစ်​လည်းကောင်း ထင်မှတ်​တတ်​၏​။

6 ဓားပြ​တို့​၏​တဲ​သည် အေးချမ်း​လျက်​ရှိ​၏​။ ကိုယ့်​လက်​ဖြင့် ဘုရား​ကို​လုပ်​၍ ဘုရားသခင်​၏​အမျက်​တော်​ကို​နှိုးဆွ​သော​သူ​တို့​သည် ဘေးကင်းလုံခြုံ​လျက်​ရှိ​၏​။

7 တိရစ္ဆာန်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​သွန်သင်​လိမ့်မည်​။ မိုးကောင်းကင်​ငှက်​တို့​ကို မေးကြည့်​လော့​။ သင့်​ကို​ပြောပြ​လိမ့်မည်​။

8 သို့မဟုတ်လျှင် မြေကြီး​အကြောင်း​ကို ဆင်ခြင်​ကြည့်​ပါ​။ သင့်​ကို သွန်သင်​လိမ့်မည်​။ ပင်လယ်​ငါး​တို့​သည်​လည်း သင့်​ကို​ပြောပြ​ကြ​လိမ့်မည်​။

9 ဤ​အမှုအရာ​အား ထာဝရဘုရား​စီရင်​တော်မူ​ကြောင်း​ကို သတ္တဝါ​အပေါင်း​တို့ မ​သိ​ဘဲ​နေ​မည်လော​။

10 သက်ရှိသတ္တဝါ​တိုင်း​၏​အသက်​၊ လူသား​တိုင်း​၏​ထွက်သက်ဝင်သက်​သည် ထာဝရဘုရား​လက်​တော်​၌​ရှိ​၏​။

11 လျှာ​သည် အစားအစာ​၏​အရသာ​ကို ခံစား​တတ်​သကဲ့သို့ နား​သည်​လည်း စကား​တို့​ကို ဆန်းစစ်​တတ်​သည်​မ​ဟုတ်​လော​။

12 အသက်ကြီးရင့်​သော​သူ​တို့​သည် ဉာဏ်ပညာ​ရှိ​ပြီး အသက်ရှည်​သော​သူ​တို့​သည် ထိုးထွင်းဉာဏ်​ရှိ​ကြ​သည် မ​ဟုတ်​လော​။

13 ဉာဏ်ပညာ​နှင့် အစွမ်းတန်ခိုး​၊ အကြံဉာဏ်​နှင့် ထိုးထွင်းဉာဏ်​တို့​သည် ကိုယ်တော်​၌ ရှိ​သည်​မ​ဟုတ်​လော​။

14 ကိုယ်တော်​ဖြိုဖျက်​တော်မူ​လျှင် မည်သူ​မျှ​ပြန်လည်​မ​တည်ဆောက်​နိုင်​။ လူ​ကို​ချုပ်ထား​တော်မူ​လျှင် မည်သူ​မျှ​မ​လွှတ်ပေး​နိုင်​။

15 ရေ​ကို​တား​တော်မူ​လျှင် ခန်းခြောက်​သွား​တတ်​၏​။ ရေ​ကို​လွှတ်ပေး​လိုက်​လျှင် မြေကြီး​ကို လွှမ်းမိုး​သွား​တတ်​၏​။

16 ကိုယ်တော်​၌ အစွမ်းသတ္တိ​နှင့် ပြီးပြည့်စုံ​သော​ဉာဏ် ရှိ​တော်မူ​၏​။ လမ်းလွဲ​သွား​သော​သူ​နှင့် လမ်းလွဲ​စေ​သော​သူ​ပါ ကိုယ်တော့်​လက်​တော်​၌​ရှိ​၏​။

17 ကိုယ်တော်​သည် အတိုင်ပင်ခံအမတ်​တို့​ကို ခြေဗလာ​ဖြင့် ဖမ်းခေါ်​သွား​စေ​၍ တရားသူကြီး​တို့​ကို​လည်း ရူးသွပ်​စေ​တော်မူ​၏​။

18 ရှင်ဘုရင်​တို့​ချည်နှောင်​သော​ကြိုး​ကို ဖြေ​၍ သူ​တို့​ခါး​ကို ခါးပတ်​နှင့် စည်း​တော်မူ​၏​။

19 ယဇ်ပုရောဟိတ်​တို့​ကို ခြေဗလာ​ဖြင့် ဖမ်းခေါ်​သွား​စေ​၍ အားကြီး​သော​သူ​တို့​ကို​လည်း ရှုံးနိမ့်​စေ​တော်မူ​၏​။

20 ယုံကြည်စိတ်ချ​ရ​သော​သူ​တို့​ကို နှုတ်ဆိတ်​စေ​တော်မူ​၍ သက်ကြီးဝါကြီး​တို့​၏​ဆင်ခြင်ဉာဏ်​ကို နုတ်ယူ​တော်မူ​၏​။

21 မင်းအရာရှိ​တို့​ကို မထီမဲ့မြင်ပြု​ခြင်း​ခံရ​စေ​၍ အားကြီးသူ​တို့​ကို ခွန်အား​ယုတ်လျော့​စေ​တော်မူ​၏​။

22 မှောင်မိုက်​ထဲမှ လျှို့ဝှက်​သော​အရာ​တို့​ကို ဖော်ထုတ်ပြ​၏​။ အမှောင်ထု​ကို အလင်း​သို့ ရောက်စေ​တော်မူ​၏​။

23 တိုင်းနိုင်ငံ​တို့​ကို အားကြီး​စေ​ပြီးမှ ဖျက်ဆီး​ပစ်​တော်မူ​၏​။ တိုင်းနိုင်ငံ​တို့​ကို ကျယ်ပြန့်​စေ​ပြီးမှ ကွဲလွင့်​စေ​တော်မူ​၏​။

24 ပြည်သူပြည်သား​တို့​ကို ဦးဆောင်​သော​သူ​များ​၏​အသိတရား​ကို နုတ်ယူ​တော်မူ​ပြီး လမ်း​မ​ရှိ​သော​လွင်တီးခေါင်​တွင် တလည်လည်​ဖြစ်​စေ​တော်မူ​၏​။

25 အလင်း​မ​ရှိ​သော​မှောင်မိုက်​ထဲ၌ စမ်းတဝါးဝါး​သွားလာ​စေ​၍ အရက်မူး​သော​သူ​ကဲ့သို့ ဒယီးဒယိုင်​ဖြစ်စေ​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ