ထွက်မြောက် 39 - မြန်မာ့စံမီသမ္မာကျမ်းယဇ်ပုရောဟိတ်အဝတ်တန်ဆာရက်လုပ်ခြင်း 1 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းရာတဲတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်ဖို့ ရက်ထည်ဝတ်ရုံကို အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ရက်လုပ်၏။ အာရုန်အတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုလည်း ရက်လုပ်၏။ အပြင်သင်တိုင်းရက်လုပ်ခြင်း 2 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။ 3 ရွှေကို အပြားခတ်၍ ရွှေချည်မျှင်တို့ကိုလုပ်၏။ ထိုရွှေချည်မျှင်နှင့် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်ဖြင့် ပိတ်ချောထည်ကို လက်ရာမြောက်စွာရက်လုပ်၏။ 4 ဧဖုဒ်၏ပခုံးအစွန်းနှစ်ခုကိုဆက်ရန် ပခုံးသိုင်းကြိုးကိုလည်း လုပ်၏။ 5 ဧဖုဒ်ပေါ်ရှိ ခါးပတ်ပြားကိုလည်း ဧဖုဒ်လုပ်သကဲ့သို့ပင် ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် ချုပ်လုပ်၏။ 6 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မဟူရာကြောင်ဝင်ကျောက်ကိုသွေး၍ ကမ္ပည်းတံဆိပ်အဖြစ် အစ္စရေး၏သားတို့အမည်ကို ကမ္ပည်းထိုးပြီး ရွှေကျောက်မျက်အိုး၌ ထည့်ထား၏။ 7 ထိုကျောက်တို့ကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်၏။ ရင်ခံပြားပြုလုပ်ခြင်း 8 ရင်ခံပြားကို ဧဖုဒ်လုပ်သကဲ့သို့ ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်ထားသောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်၏။ 9 ထိုရင်ခံပြားကို နှစ်လွှာလုပ်၏။ ထိုနှစ်လွှာသည် အလျားတစ်ထွာ၊ အနံတစ်ထွာ စတုရန်းပုံဖြစ်၏။ 10 ရင်ခံပြားပေါ်၌ ကျောက်ကို လေးတန်းစီ၍ တပ်ထား၏။ ပထမအတန်းကား ပတ္တမြား၊ ဥဿဖရား၊ ဂေါ်မုတ်နီ ဖြစ်၏။ 11 ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်ဖြစ်၏။ 12 တတိယအတန်းကား ဂေါ်မိတ်နီ၊ မဟူရာ၊ ခရမ်းစွဲ ဖြစ်၏။ 13 စတုတ္ထအတန်းကား ကျောက်မျက်ရွဲ၊ မဟူရာကြောင်ဝင်၊ နဂါးသွဲ့ ဖြစ်၏။ ၎င်းတို့ကို ရွှေကျောက်မျက်အိုးထဲ၌ ထားရှိ၏။ 14 ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတစ်ဆယ့်နှစ်ယောက်တို့၏အမည်များအလိုက် စီထား၏။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုး၏။ 15 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရင်ခံပြားအတွက် ကျစ်ဆံမြီးပုံစံကြိုးကို ရွှေစင်ဖြင့် သွန်းလုပ်၏။ 16 ရွှေကျောက်မျက်အိုးနှစ်ခုနှင့် ရွှေကွင်းနှစ်ကွင်းကိုလည်းလုပ်၍ ထိုကွင်းနှစ်ကွင်းကို ရင်ခံပြားအစွန်းနှစ်ဖက်၌ တပ်၏။ 17 ရွှေကြိုးနှစ်ချောင်းကို ရင်ခံပြားအစွန်းတို့၌ရှိသော ကွင်းနှစ်ကွင်းတွင်တပ်ပြီး 18 ကြိုးနှစ်ချောင်း၏ကျန်အစွန်းနှစ်ဖက်ကို ဧဖုဒ်၏ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးပေါ်ရှိ ကျောက်မျက်အိုးနှစ်ခု၌ တပ်၏။ 19 နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်နှင့်ဆက်လျက်ရှိသော ရင်ခံပြားအတွင်းလွှာ၏အနားစွန်းနှစ်ဖက်၌ တပ်၏။ 20 နောက်ထပ် ရွှေကွင်းနှစ်ကွင်းကိုလုပ်၍ ဧဖုဒ်ရှေ့ဘက်ခြမ်းပခုံးသိုင်းကြိုးနှစ်ချောင်း၏အောက်ဘက်၊ ဧဖုဒ်၏ခါးပတ်ပြားဆက်ရာပေါ်၌ တပ်၏။ 21 ရင်ခံပြားကို ဧဖုဒ်မှမကွာစေဘဲ ဧဖုဒ်၏ခါးပတ်ပြား အထက်၌ရှိနေစေရန် ထိုရင်ခံပြား၏ကွင်းများနှင့် ဧဖုဒ်၏ကွင်းများကို အပြာရောင်ကြိုးဖြင့်တွဲချည်ထား၏။ ဝတ်လုံရက်လုပ်ခြင်း 22 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဧဖုဒ်အောက်ရှိဝတ်လုံကို အပြာရောင်ချည်သက်သက်ဖြင့် ရက်လုပ်၏။ 23 ဝတ်လုံ၏လည်ပင်းပေါက်သည် သံချပ်အင်္ကျီလည်ပင်းပေါက်ကဲ့သို့ ဖြစ်၏။ ထိုလည်ပင်းပေါက်မစုတ်မပြဲစေရန် ပတ်ပတ်လည်၌ အနားပတ်ကို ရက်လုပ်၏။ 24 ဝတ်လုံ၏အောက်နားအတွက် အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် သလဲသီးပုံများကို ချုပ်လုပ်၏။ 25 ရွှေစင်ဆည်းလည်းများကိုလည်းလုပ်၍ ထိုဆည်းလည်းများကို ဝတ်လုံ၏အောက်နားပတ်ပတ်လည်ရှိ သလဲသီးပုံများအကြားတွင် တပ်၏။ 26 အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သော ဝတ်လုံ၏အောက်နားပတ်ပတ်လည်တွင် ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး၊ ရွှေဆည်းလည်းတစ်လုံး သလဲသီးတစ်လုံး တစ်လုံးခြားစီ တပ်၏။ ယဇ်ပုရောဟိတ်၏အခြားအဝတ်တန်ဆာများ 27 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့အတွက် ရက်လုပ်ထားသောပိတ်ချောထည် အတွင်းသင်တိုင်းများ၊ 28 ပိတ်ချောထည်ခေါင်းပေါင်း၊ ပိတ်ချောထည်ဦးထုပ်များ၊ ပိတ်ချောထည်ဘောင်းဘီများ၊ 29 အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည်တို့ဖြင့် ပန်းထိုးထားသောပိတ်ချောထည်ခါးစည်းများကိုလည်း လုပ်၏။ သန့်ရှင်းသောရွှေစင်ပြားသရဖူလုပ်ခြင်း 30 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သန့်ရှင်းသောရွှေစင်ပြားသရဖူကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ “ထာဝရဘုရား၌သန့်ရှင်းခြင်း”ဟု ရေးထိုးပြီးလျှင် 31 ထိုသရဖူကို ခေါင်းပေါင်းပေါ်၌ အပြာရောင်ကြိုးဖြင့်ချည်ပြီး တပ်ထား၏။ ကိန်းဝပ်တော်မူရာဌာနကို မောရှေကြည့်ရှုစစ်ဆေးခြင်း 32 အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်နှင့်ဆိုင်သောလုပ်ငန်းရှိသမျှကို တစ်သဝေမတိမ်း လုပ်ဆောင်ပြီးစီးလေ၏။ 33 ထို့နောက် သူတို့သည် ကိန်းဝပ်တော်မူရာတဲတော်တည်းဟူသော တဲတော်မှစ၍ ချိတ်များ၊ ဘောင်များ၊ ကန့်လန့်ကျင်များ၊ တိုင်များ၊ အောက်ခံအစွပ်များ စသည့်တဲတော်တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ 34 အနီရောင်ဆိုးထားသောသိုးထီးသားရေအမိုး၊ တဟာရှသားရေအမိုးနှင့် ကာရန်ကန့်လန့်ကာကိုလည်းကောင်း၊ 35 သက်သေခံချက်သေတ္တာတော်နှင့် သေတ္တာတော်၏ထမ်းပိုးများကိုလည်းကောင်း၊ ကရုဏာတော်ပလ္လင်ကိုလည်းကောင်း၊ 36 စားပွဲနှင့် စားပွဲ၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ရှေ့တော်မုန့်ကိုလည်းကောင်း၊ 37 ရွှေစင်ဆီမီးခုံ၊ ဆီမီးခုံပေါ် တစ်တန်းတည်းရှိနေသောမီးခွက်များ၊ ဆီမီးခုံ၏တန်ဆာပလာရှိသမျှနှင့် မီးထွန်းရန်အတွက် ဆီကိုလည်းကောင်း၊ 38 ရွှေယဇ်ပလ္လင်ကိုလည်းကောင်း၊ ဘိသိက်ဆီနှင့်အမွှေးနံ့သာပေါင်းကိုလည်းကောင်း၊ တဲတော်အဝင်ဝလိုက်ကာကိုလည်းကောင်း၊ 39 ကြေးနီယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက်ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊ 40 တဲတော်ဝင်း၏အကာများ၊ ထိုအကာများ၏တိုင်များနှင့် တိုင်များ၏အောက်ခံအစွပ်များကိုလည်းကောင်း၊ ဝင်းတံခါး၏လိုက်ကာကိုလည်းကောင်း၊ ဝင်းအတွက်ကြိုးများနှင့်ငုတ်တိုင်များကိုလည်းကောင်း၊ တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်၏အမှုတော်နှင့်ဆိုင်သည့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ 41 သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရာတွင်ဝတ်ဆင်သောရက်ထည်အဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အာရုန်အတွက်သန့်ရှင်းသောအဝတ်တန်ဆာများ၊ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာများကိုလည်းကောင်း မောရှေထံသို့ ယူဆောင်လာကြ၏။ 42 မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း အစ္စရေးအမျိုးသားတို့သည် အလုပ်ရှိသမျှတို့ကို လုပ်လေ၏။ 43 မောရှေသည် အစ္စရေးအမျိုးသားတို့ လုပ်ဆောင်သောအလုပ်အားလုံးကို စစ်ဆေးကြည့်သောအခါ သူတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း လုပ်ဆောင်ကြသည်ကို မြင်လေ၏။ ထို့ကြောင့် မောရှေသည် သူတို့ကိုကောင်းချီးပေးလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative