Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

တော​လည် 5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


မစင်ကြယ်သူတို့ကို တပ်စခန်းအပြင်ထုတ်ထားခြင်း

1 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

2 “ အစ္စရေး​အမျိုးသား​တို့​အား ဆင့်ဆို​လော့​။ အနာကြီးရောဂါစွဲ​သော​သူ​ရှိသမျှ​၊ အရိအရွဲထွက်​သော​သူ​ရှိသမျှ​၊ အသေကောင်​ကြောင့်​မစင်ကြယ်​သော​သူ​ရှိသမျှ​တို့​ကို တပ်စခန်း​ထဲမှ ထွက်သွား​စေ​ရ​မည်​။

3 သူ​တို့​နှင့်အတူ ငါ​ကိန်းဝပ်​ရာ သူ​တို့​၏​တပ်စခန်း​ကို မ​ညစ်ညူး​စေ​မည့်​အကြောင်း ထိုသို့သော​သူ ယောက်ျား​၊ မိန်းမ​ဟူသမျှ​ကို တပ်စခန်း​အပြင်​သို့ ထွက်သွား​စေ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။

4 အစ္စရေး​အမျိုးသား​တို့​သည်​လည်း ထိုသို့သော​သူ​တို့​ကို တပ်စခန်း​၏​အပြင်​သို့ ထွက်သွား​စေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​အား ထာဝရဘုရား​မိန့်မှာ​သည့်​အတိုင်း ပြု​ကြ​၏​။


ပြစ်မှားမှုအတွက်လျော်ကြေး

5 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

6 “​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ လူ​ပြု​တတ်​သော​အပြစ်​တစ်စုံတစ်ခု​ကို​ပြု​ခြင်း​ဖြင့် ထာဝရဘုရား​အား ပြစ်မှား​မိ​လျှင် သူ့​အပေါ် အပြစ်​သက်ရောက်​မည်​။

7 ထို​သူ​သည် မိမိ​ပြု​မိ​သော​အပြစ်​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​အတွက် မိမိ​ပြစ်မှား​သော​သူ​ကို အပြည့်အဝ​ပြန်လျော်​ရ​မည့်​အပြင် ငါးပုံတစ်ပုံ​ကို​ထပ်ပေါင်း​၍ ပေး​ရ​မည်​။

8 မိမိ​ပြစ်မှားသောအမှု​အတွက် လျော်ကြေး​လက်ခံ​ယူ​မည့်​သူ​မ​ရှိ​လျှင် ပြစ်မှားသောအမှု​အတွက် လျော်ကြေး​နှင့်တကွ မိမိ​အတွက် အပြစ်ဖြေ​ပေး​သော​အပြစ်ဖြေရာယဇ်​သိုးထီး​ကို ထာဝရဘုရား​ထံ​ပူဇော်​ရ​မည်​။ ထို​ယဇ်​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။

9 ယဇ်ပုရောဟိတ်​ထံသို့ အစ္စရေး​အမျိုးသား​တို့​ယူဆောင်​လာ​သည့် သန့်ရှင်း​သော​ပူဇော်သက္ကာ​ဖြစ်​သည့် အလှူပစ္စည်း​အားလုံး​တို့​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။

10 တစ်စုံတစ်ဦး​၏​သန့်ရှင်း​သော​ပူဇော်သက္ကာ​သည် ယဇ်ပုရောဟိတ်​အတွက်​ဖြစ်​ရ​မည်​။ တစ်စုံတစ်ဦး​က ယဇ်ပုရောဟိတ်​အား ပေးလှူ​သော​အရာ​သည် ယဇ်ပုရောဟိတ်​အတွက်​သာ​ဖြစ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


သဝန်တိုခြင်းနှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ

11 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

12 “​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ရှိ​သော​မိန်းမ​သည် ဖောက်ပြန်​၍ မိမိ​ယောက်ျား​အပေါ် သစ္စာမဲ့​သဖြင့်

13 သူ​သည် အခြား​သော​ယောက်ျား​နှင့်​အိပ်​၍​မေထုန်ပြု​သော်လည်း သူ​၏​ယောက်ျား​မ​သိ​၊ သူ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​သော်လည်း ထို​အမှု​သည်​မပေါ်​၊ သက်သေ​လည်း​မ​ရှိ​သဖြင့် သူ​သည် ဖမ်းဆီး​ခြင်း​မ​ခံရ​လျှင်​လည်းကောင်း​၊

14 မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့် လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင်​၊ သို့မဟုတ် မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခြင်း​မ​ရှိ​သော်လည်း လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင်​လည်းကောင်း

15 ယောက်ျား​သည် မိမိ​မယား​ကို ယဇ်ပုရောဟိတ်​ထံသို့​ခေါ်ဆောင်​လာ​ရ​မည်​။ မိမိ​မယား​အတွက် မုယော​မုန့်ညက်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ပူဇော်သက္ကာ​အဖြစ် ယူလာ​ရ​မည်​။ ထို​မုန့်ညက်​သည် သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သည့်​ဘောဇဉ်ပူဇော်သက္ကာ​၊ ဒုစရိုက်​ကို​အောက်မေ့​သတိရ​စေ​သည့်​ဘောဇဉ်ပူဇော်သက္ကာ​ဖြစ်​သည်​နှင့်အညီ ထို​မုန့်ညက်​အပေါ် ဆီ​မ​လောင်း​ရ​။ လော်ဗန်​မ​တင်​ရ​။

16 ယဇ်ပုရောဟိတ်​သည် ထို​မိန်းမ​ကို ခေါ်လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​ရ​မည်​။

17 ထို့နောက် ယဇ်ပုရောဟိတ်​သည် သန့်ရှင်း​သော​ရေ​ကို မြေ​အိုး​ထဲသို့​ထည့်​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​၏​မြေတလင်း​မှ​မြေမှုန့်​ကို​ယူ​၍ ထို​ရေ​ထဲသို့​ထည့်​ရ​မည်​။

18 ထို​မိန်းမ​ကို ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​၍ ထို​မိန်းမ​၏​ဆံပင်​ကို​ဖားလျားချ​စေ​ရ​မည်​။ ဒုစရိုက်​ကို​အောက်မေ့​စေ​သည့်​ဘောဇဉ်ပူဇော်သက္ကာ​၊ သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သည့်​ဘောဇဉ်ပူဇော်သက္ကာ​ကို သူ့​လက်​ထဲသို့​ထည့်​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ခါး​သော​ရေ​ကို ကိုင်ထား​ရ​မည်​။

19 ထိုအခါ ယဇ်ပုရောဟိတ်​က ထို​မိန်းမ​အား ‘​သင်​သည် အခြား​ယောက်ျား​နှင့်​မေထုန်ပြု​ခြင်း​မ​ရှိ​လျှင်​၊ သင်​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​ညစ်ညူး​ခြင်း​မ​ရှိ​လျှင် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ခါး​သော​ရေ​အားဖြင့်​သင့်ရောက်​မည့် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​။

20 သို့သော် သင်​သည် သင့်​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​လျှင်​၊ သင့်​လင်ယောက်ျား​အပြင် အခြား​ယောက်ျား​နှင့်​မေထုန်ပြု​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​လျှင်

21 ထာဝရဘုရား​သည် သင်​၏​ပေါင်​ကို​ချည့်နဲ့​စေ​၍ ဝမ်း​ကို​ဖောရောင်​စေ​ခြင်း​ဖြင့် သင့်​ကို သင့်​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​၊ ကျိန်စာ​မိ​သော​သူ​အဖြစ် ထာဝရဘုရား​စီရင်​တော်မူ​ပါစေ​။

22 ကျိန်​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ရေ​သည် သင်​၏​ကိုယ်​ထဲသို့​ဝင်​၍ ဝမ်း​ကို​ဖောရောင်​စေ​ပြီး ပေါင်​ကို​ချည့်နဲ့​စေ​ပါစေ​ဟု ယဇ်ပုရောဟိတ်​သည် သင့်​ကို ကျိန်စာတိုက်​မည်​’​ဟု ဆို​ရ​မည်​။ ထို​မိန်းမ​က​လည်း ‘​အာမင်​၊ အာမင်​’​ဟု ဆို​ရ​မည်​။

23 ယဇ်ပုရောဟိတ်​သည် ထို​ကျိန်​ခြင်း​ကို စာလိပ်​ပေါ်၌ ရေး​၍ ခါး​သော​ရေ​ထဲ ဆေးချ​ရ​မည်​။

24 ထို့နောက် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ခါး​သော​ရေ​ကို ထို​မိန်းမ​အား​တိုက်​ရ​မည်​။ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ရေ​သည် ထို​မိန်းမ​ထဲသို့​ဝင်သွား​သောအခါ ခါးသီး​ခြင်း​ကို ဖြစ်​စေ​လိမ့်မည်​။

25 ယဇ်ပုရောဟိတ်​သည် သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​ဘောဇဉ်ပူဇော်သက္ကာ​ကို ထို​မိန်းမ​၏​လက်​မှ ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ပြီးလျှင် ၎င်း​ကို ယဇ်ပလ္လင်​သို့ ယူဆောင်​လာ​ရ​မည်​။

26 ယဇ်ပုရောဟိတ်​သည် ပူဇော်သက္ကာ​အမှတ်သညာ​အဖြစ် ထို​ဘောဇဉ်ပူဇော်သက္ကာ​ကို လက်တစ်ဆုပ်စာယူ​၍ ယဇ်ပလ္လင်​ပေါ်၌ ရှို့​ပြီးနောက် ကျိန်​ခြင်း​ရေ​ကို ထို​မိန်းမ​အား တိုက်​ရ​မည်​။

27 ထို​မိန်းမ​သည် လင်ယောက်ျား​အပေါ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခဲ့​လျှင် သူ့​အား ထို​ရေ​ကို​တိုက်​သောအခါ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သော​ရေ​သည် သူ့​အထဲ​သို့​ဝင်​၍ ခါးသီး​ခြင်း​ကို ဖြစ်​စေ​သဖြင့် သူ​၏​ဝမ်း​သည် ဖောရောင်​လာ​ပြီး ပေါင်​သည် ချည့်နဲ့​သွား​လိမ့်မည်​။ ထို​မိန်းမ​သည် မိမိ​လူမျိုး​အလယ်​၌ ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​လိမ့်မည်​။

28 သို့သော် ထို​မိန်းမ​သည် မိမိကိုယ်မိမိ​ညစ်ညူး​စေ​ခြင်း​မ​ရှိ​ဘဲ စင်ကြယ်​သည်​ဆိုလျှင် သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ သားသမီး​ထွန်းကား​လိမ့်မည်​။

29 ဤသည်ကား သံသယစိတ်​ဝင်​ခြင်း​နှင့်ဆိုင်သော​တရား ဖြစ်​၏​။ မယား​သည် မိမိ​လင်ယောက်ျား​နှင့်အတူ​နေထိုင်​စဉ် ဖောက်ပြန်​၍ မိမိကိုယ်မိမိ​ညစ်ညူး​စေ​သဖြင့်

30 လင်ယောက်ျား​သည် သံသယ​စိတ်​ဝင်​၍ မိမိ​မယား​အပေါ်​သဝန်တို​လျှင် ထို​မိန်းမ​ကို ထာဝရဘုရား​ရှေ့​တော်​၌ ရပ်​စေ​၍ ယဇ်ပုရောဟိတ်​သည် ဤ​တရား​အတိုင်း ထို​မိန်းမ​ကို စီရင်​ရ​မည်​။

31 လင်ယောက်ျား​သည် ထို​ဒုစရိုက်​ကြောင့် သင့်ရောက်​မည့်​အပြစ်ဒဏ်​နှင့်​ကင်းလွတ်​၍ ထို​မိန်းမ​သည် ကိုယ့်​အပြစ်​ကိုယ်​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ