တောလည် 21 - မြန်မာ့စံမီသမ္မာကျမ်းခါနာန်ဘုရင်ကျရှုံးခြင်း 1 နေဂေ့အရပ်၌စံမြန်းသော ခါနာန်လူမျိုး အာရဒ်ဘုရင်သည် အသရိမ်လမ်းဖြင့် အစ္စရေးလူမျိုးတို့လာကြောင်းကို ကြားသောအခါ အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်၍ အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၏။ 2 ထို့ကြောင့် အစ္စရေးလူမျိုးတို့က ထာဝရဘုရားအား “ကိုယ်တော်သည် ဤလူမျိုးကို အကျွန်ုပ်တို့လက်သို့ အမှန်တကယ်အပ်တော်မူလျှင် အကျွန်ုပ်တို့သည် သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပစ်ပါမည်”ဟု ကတိသစ္စာပြုလေ၏။ 3 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏စကားကိုနားညောင်းတော်မူ၍ ခါနာန်လူမျိုးတို့ကို သူတို့လက်သို့ အပ်သဖြင့် ထိုလူမျိုးနှင့်သူတို့၏မြို့များကို အကုန်အစင်ဖျက်ဆီးပြီး ထိုအရပ်၏အမည်ကို ဟောမာဟု ခေါ်ကြ၏။ ကြေးနီမြွေ 4 ထို့နောက် သူတို့သည် ဧဒုံပြည်ကိုရှောင်ကွင်းသွားရန် ဟောရတောင်မှ ထွက်ခွာ၍ ပင်လယ်နီလမ်းအတိုင်း ခရီးပြုကြရာ လူတို့သည် လမ်းခရီး၌ စိတ်ပျက်အားလျော့ကြ၏။ 5 လူတို့က “မုန့်မရှိ၊ ရေမရှိသော ဤတောကန္တာရတွင် သေစေရန် အဘယ်ကြောင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သနည်း။ အရသာပေါ့ရွှတ်သောအစားအစာကိုလည်း ငါတို့ငြီးငွေ့လှပြီ”ဟု ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်ပြောဆိုကြ၏။ 6 ထိုအခါ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ရှိရာသို့ မီးမြွေများကို စေလွှတ်၏။ ထိုမြွေတို့သည် လူတို့ကိုကိုက်သဖြင့် လူများစွာသေကြ၏။ 7 ထို့ကြောင့် လူတို့သည် မောရှေထံသို့လာ၍ “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုလည်းကောင်း၊ သခင့်ကိုလည်းကောင်း ဆန့်ကျင်ပြောဆို၍ ပြစ်မှားမိကြပါပြီ။ ထိုမြွေများကို အကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးတော်မူပါမည့်အကြောင်း ထာဝရဘုရားထံ ဆုတောင်းပေးပါ”ဟု ဆိုကြသဖြင့် မောရှေသည် လူတို့အတွက် ဆုတောင်းပေးလေ၏။ 8 ထာဝရဘုရားက မောရှေအား “မီးမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌တင်ထားလော့။ အကိုက်ခံရသောသူတိုင်း ထိုမြွေရုပ်ကိုကြည့်လျှင် အသက်ချမ်းသာရာရမည်”ဟု မိန့်တော်မူ၏။ 9 သို့ဖြစ်၍ မောရှေသည် ကြေးနီမြွေရုပ်ကိုလုပ်၍ တိုင်ပေါ်၌ တင်ထားလေ၏။ မြွေအကိုက်ခံရသောသူသည် ကြေးနီမြွေရုပ်ကိုကြည့်သောအခါ အသက်ချမ်းသာရာရ၏။ မောဘပြည်ဘေးမှဖြတ်၍ ခရီးပြုရခြင်း 10 ထို့နောက် အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြ၍ ဩဗုတ်အရပ်၌ စခန်းချကြ၏။ 11 သူတို့သည် ဩဗုတ်အရပ်မှ ခရီးပြုကြပြန်ရာ မောဘပြည်နှင့်မျက်နှာချင်းဆိုင်၊ နေထွက်ရာဘက်ရှိတောကန္တာရထဲမှ ဣဇာဗာရိမ်အရပ်၌ စခန်းချကြ၏။ 12 ထိုအရပ်မှ ခရီးပြုကြပြန်ရာ ဇာရက်ချောင်း၌ စခန်းချကြ၏။ 13 ထိုအရပ်မှ ခရီးပြုကြပြန်ရာ အာမောရိပြည်၏နယ်စပ်နှင့်ဆက်နေသော တောကန္တာရရှိ အာနုန်ချောင်းတစ်ဖက်ကမ်း၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်နှင့်အာမောရိပြည်အကြားရှိ မောဘပြည်၏နယ်စပ်ဖြစ်၏။ 14 သို့ဖြစ်၍ ထာဝရဘုရား၏စစ်ပွဲများ ဟူသောစာအုပ်တွင် “သုပအရပ်ရှိ ဝါဟက်မြို့၊ အာနုန်ချောင်းများ၊ 15 အာရမြို့ရှိရာသို့စီတန်းလျက် မောဘနယ်စပ်တစ်လျှောက် စီးဆင်းနေသည့်ချောင်းများ”ဟု ရေးသားဖော်ပြထား၏။ 16 တစ်ဖန် သူတို့သည် ထိုနေရာမှ ဗေရရေတွင်းရှိရာအရပ်သို့ ခရီးပြုကြ၏။ ထိုရေတွင်းကား ထာဝရဘုရားက မောရှေအား “လူတို့ကိုစုဝေးစေလော့။ သူတို့အား ငါရေပေးမည်”ဟု မိန့်တော်မူသောရေတွင်းဖြစ်၏။ 17 ထိုအခါ အစ္စရေးလူမျိုးတို့က “အို ရေတွင်း၊ ရေထွက်လော့။ ရေတွင်းကို သီချင်းဆိုကြလော့။ 18 အကြီးအကဲတို့တူးသောရေတွင်း၊ အမျိုးသားချင်းတို့ထဲမှမြင့်မြတ်သူတို့ ကျိုင်းနှင့်တောင်ဝှေးအားဖြင့် တူးသောရေတွင်း”ဟူသော သီချင်းကိုသီဆိုကြ၏။ ထို့နောက် သူတို့သည် တောကန္တာရမှ မတ္တနာအရပ်သို့လည်းကောင်း၊ 19 မတ္တနာအရပ်မှ နဟာလျေလအရပ်သို့လည်းကောင်း၊ နဟာလျေလအရပ်မှ ဗာမုတ်အရပ်သို့လည်းကောင်း၊ 20 ဗာမုတ်အရပ်မှ ကန္တာရမြေကိုစီးမြင်ရသောပိသဂါတောင်ထိပ်အနီးရှိ မောဘချိုင့်ဝှမ်းလွင်ပြင်သို့လည်းကောင်း ခရီးပြုကြ၏။ အစ္စရေးလူမျိုးတို့ကို အာမောရိဘုရင်တိုက်ခိုက်ခြင်း 21 အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍ 22 “အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ ရှင်ဘုရင်လမ်းမအတိုင်းသာသွားပါမည်”ဟု လျှောက်စေ၏။ 23 သို့သော် ရှိဟုန်မင်းကြီးသည် အစ္စရေးလူမျိုးတို့ကို မိမိ၏နယ်မြေထဲမှ ဖြတ်သွားခွင့်မပြုသည့်အပြင် ရှိဟုန်မင်းကြီးသည် မိမိလူအားလုံးကို စုဝေးစေပြီး အစ္စရေးလူမျိုးတို့ကို ဆီးတားရန် တောကန္တာရသို့ ထွက်သွား၏။ ယာဟတ်အရပ်သို့ရောက်သောအခါ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လေ၏။ 24 ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။ 25 အစ္စရေးလူမျိုးတို့သည် ထိုပြည်ရှိမြို့အားလုံးကို သိမ်းယူကြ၏။ အာမောရိလူမျိုးတို့၏မြို့များဖြစ်သော ဟေရှဘုန်မြို့မှစ၍ ထိုမြို့နှင့်ဆိုင်သောမြို့ငယ်ရှိသမျှတို့၌ အစ္စရေးလူမျိုးတို့နေထိုင်ကြ၏။ 26 ဟေရှဘုန်မြို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး စံမြန်းရာမြို့ဖြစ်၏။ ရှိဟုန်မင်းကြီးသည် ယခင်မောဘဘုရင်ကိုတိုက်ခိုက်၍ အာနုန်ချောင်းတိုင်အောင် ထိုရှင်ဘုရင်၏လက်ထဲမှပြည်တစ်ပြည်လုံးကို သိမ်းယူခဲ့၏။ 27 ထို့ကြောင့် ကဗျာဆရာတို့က “ဟေရှဘုန်မြို့သို့လာကြ။ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ကို တည်ဆောက်ကြ၊ ပြုပြင်ကြ။ 28 ဟေရှဘုန်မြို့ထဲမှမီး၊ ရှိဟုန်မင်းကြီးစံမြန်းရာမြို့ထဲမှမီးလျှံထွက်လာပြီး မောဘပြည်ရှိအာရမြို့၊ အာနုန်ချောင်းရှိအထွတ်အမြတ်ထားရာနေရာတို့မှ အရှင်သခင်တို့ကို လောင်ကျွမ်းလေပြီ။ 29 အို မောဘပြည်၊ သင်၌ အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ပျက်စီးလေပြီ။ ခေမုရှဘုရားသည် မိမိသားများကို ဝရမ်းပြေးအဖြစ်၊ မိမိသမီးများကို သုံ့ပန်းအဖြစ် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးအား ပေးအပ်လေပြီတကား။ 30 သို့သော် ငါတို့သည် သူတို့ကိုပစ်ခတ်သဖြင့် ဟေရှဘုန်မြို့မှ ဒိဘုန်မြို့တိုင်အောင် ပျက်စီးလေပြီ။ မေဒဘအရပ်မှ နောဖာအရပ်တိုင်အောင် လူသူကင်းမဲ့လေပြီ”ဟု စပ်ဆိုကြ၏။ 31 ဤသို့ဖြင့် အစ္စရေးလူမျိုးတို့သည် အာမောရိပြည်၌ နေထိုင်ကြ၏။ 32 မောရှေသည် လူလွှတ်၍ ယာဇာမြို့ကိုထောက်လှမ်းပြီးနောက် ထိုမြို့နှင့်ဆိုင်သောမြို့ရွာတို့ကိုသိမ်းပိုက်ပြီး ထိုအရပ်ရှိအာမောရိလူမျိုးတို့ကို နှင်ထုတ်လေ၏။ 33 အစ္စရေးလူမျိုးတို့သည် ဗာရှန်ပြည်လမ်းသို့ လှည့်၍တက်သွားကြ၏။ ဗာရှန်ဘုရင်ဩဃမင်းကြီးသည် မိမိ၏လူအပေါင်းတို့နှင့်အတူ အစ္စရေးလူမျိုးတို့ကို ဆီးတားတိုက်ခိုက်ရန် ဧဒြိအရပ်သို့ ထွက်လာ၏။ 34 ထာဝရဘုရားက မောရှေအား “သူ့ကို မကြောက်နှင့်။ ငါသည် သူနှင့်တကွ သူ၏လူအပေါင်းတို့ကိုလည်းကောင်း၊ သူ၏ပြည်ကိုလည်းကောင်း သင်၏လက်သို့ပေးအပ်ပြီ။ သင်သည် ဟေရှဘုန်မြို့၌စံမြန်းသော အာမောရိဘုရင်ရှိဟုန်မင်းကြီးကိုပြုသကဲ့သို့ သူ့ကိုလည်းပြုရလိမ့်မည်”ဟု မိန့်တော်မူ၏။ 35 ထို့ကြောင့် အသက်ရှင်ကျန်ရစ်သူ တစ်စုံတစ်ယောက်မျှမရှိသည့်တိုင်အောင် ရှင်ဘုရင်နှင့်သူ့သားများမှစ၍ သူ့လူအပေါင်းတို့ကို တိုက်ခိုက်ပြီးလျှင် သူ၏ပြည်ကို သိမ်းပိုက်လေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative