တောလည် 11 - မြန်မာ့စံမီသမ္မာကျမ်းအခက်အခဲများကြောင့် ညည်းညူကြခြင်း 1 လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့် 2 လူတို့သည် မောရှေအား အော်ဟစ်ကြ၏။ မောရှေသည်လည်း ထာဝရဘုရားထံ ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ 3 ထိုသို့ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်သောကြောင့် ထိုအရပ်၏အမည်ကို တဗေရ ဟုခေါ်ဆို၏။ အသားစားလို၍ ညည်းညူကြခြင်း 4 အစ္စရေးအမျိုးသားတို့နှင့် ရောနှောပါလာသောလူတို့သည် အလိုဆန္ဒပြင်းပြကြ၏။ အစ္စရေးအမျိုးသားတို့လည်း ငိုကြွေးမြည်တမ်းကြပြန်၍ “ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ 5 အီဂျစ်ပြည်၌ အဖိုးအခမပေးဘဲ ငါတို့စားရသော ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ငါတို့အောက်မေ့၏။ 6 ယခုမူကား ငါတို့၌စားလိုသောစိတ်မရှိတော့ပြီ။ ဤမန္နမုန့်မှလွဲ၍ ငါတို့ဘာမျှ မမြင်ရ”ဟု ဆိုကြ၏။ 7 မန္နမုန့်သည် နံနံစေ့နှင့်တူ၍ ၎င်း၏အရောင်သည် ပယင်း၏အရောင်နှင့်တူ၏။ 8 လူတို့သည် မန္နမုန့်ကို လှည့်လည်ကောက်ယူကြပြီး ကြိတ်ဆုံနှင့် ကြိတ်ကြ၏၊ သို့မဟုတ် ဆုံနှင့် ထောင်းကြ၏။ ပြီးမှ အိုးထဲ ထည့်ပြုတ်ပြီး မုန့်ပြားလုပ်ကြ၏။ အရသာသည် ဆီကြော်မုန့်အရသာနှင့်တူ၏။ 9 ညအချိန် တပ်စခန်းတွင် နှင်းကျသောအခါ နှင်းနှင့်အတူ မန္နမုန့်ကျ၏။ 10 လူတို့သည် အသီးသီးမိမိတို့မျိုးနွယ်စုအလိုက် မိမိတို့တဲအဝင်ဝ၌ ငိုကြွေးနေကြသည်ကို မောရှေကြား၏။ ထာဝရဘုရားသည် အလွန်အမျက်ထွက်၏။ မောရှေသည်လည်း ဆိုးရွားသောအမှုဖြစ်သည်ဟု မြင်လေ၏။ 11 ထို့ကြောင့် မောရှေက ထာဝရဘုရားအား “ကိုယ်တော်၏အစေအပါးကို အဘယ်ကြောင့်ဒုက္ခရောက်စေပါသနည်း။ ဤလူမျိုးအပေါင်းတို့၏ဝန်ကို အကျွန်ုပ်အပေါ်၌တင်၍ ကိုယ်တော်၏ရှေ့တော်၌ အဘယ်ကြောင့် အကျွန်ုပ်ကို မျက်နှာမရစေပါသနည်း။ 12 အကျွန်ုပ်သည် ဤလူအပေါင်းတို့ကို ကိုယ်ဝန်ဆောင်ခဲ့ပါသလော။ ‘ထိုပြည်ကို သူတို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုခဲ့သည်နှင့်အညီ ကလေးထိန်းသည် နို့စို့ကလေးငယ်ကိုဆောင်သကဲ့သို့ ထိုပြည်သို့ သူတို့ကို သင့်ရင်ခွင်၌ ပွေ့ချီသွားလော့’ဟု အကျွန်ုပ်အား ကိုယ်တော်မိန့်တော်မူသည်မှာ အကျွန်ုပ်သည် သူတို့ကိုမွေးဖွားခဲ့ပါသလော။ 13 သူတို့က အကျွန်ုပ်အား ‘ငါတို့စားဖို့အသားကို ပေးပါ’ဟု ဆိုလျက် ငိုကြွေးကြသည်ဖြစ်၍ အကျွန်ုပ်သည် ဤလူအပေါင်းတို့ကိုပေးဖို့ အသားကို အဘယ်က ရနိုင်ပါမည်နည်း။ 14 ဤလူအပေါင်းတို့ကို ခေါ်ဆောင်သွားရန် အကျွန်ုပ်တစ်ယောက်တည်း မတတ်နိုင်ပါ။ အကျွန်ုပ်အတွက် လေးလွန်းသောဝန်ဖြစ်ပါ၏။ 15 ကိုယ်တော်သည် အကျွန်ုပ်အား ဤသို့ပြုတော်မူမည်ဆိုလျှင် ယခုပင် အကျွန်ုပ်ကို ကွပ်မျက်တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏မျက်မှောက်၌ မျက်နှာရမည်ဆိုလျှင် အကျွန်ုပ်သည် ဆင်းရဲဒုက္ခနှင့် မကြုံတွေ့ပါရစေနှင့်”ဟု လျှောက်ဆိုလေ၏။ သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ဘိသိက်ပေးတော်မူခြင်း 16 ထိုအခါ ထာဝရဘုရားက မောရှေအား “လူတို့ထဲမှ သက်ကြီးဝါကြီးဖြစ်၍ လူတို့ကို ကြီးကြပ်အုပ်ချုပ်နိုင်သူလည်းဖြစ်သည်ဟု သင်သိထားသော အစ္စရေးသက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်ကို ငါ့ထံ စုဝေးစေလော့။ သင်သည် ထိုသူတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်သို့ ခေါ်ဆောင်လာ၍ သင်နှင့်အတူ ထိုနေရာ၌ရပ်နေစေလော့။ 17 ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။ 18 သင်သည် လူတို့အား ‘သင်တို့က ငါတို့စားစရာအသားကို မည်သူပေးမည်နည်း။ အီဂျစ်ပြည်၌ ငါတို့ကောင်းစားခဲ့ကြ၏ဟု ဆိုလျက် ထာဝရဘုရားကြားအောင် ငိုကြွေးကြသောကြောင့် ထာဝရဘုရားသည် သင်တို့အား အသားကို ပေးတော်မူမည်ဖြစ်၍ သင်တို့သည် အသားကို စားရလိမ့်မည်။ သို့ဖြစ်၍ မနက်ဖြန်အတွက် သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေကြလော့။ 19 သင်တို့သည် အသားကို တစ်ရက်၊ နှစ်ရက်၊ ငါးရက်၊ ဆယ်ရက်၊ ရက်နှစ်ဆယ်မျှသာစားရမည်မဟုတ်။ 20 သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ 21 မောရှေကလည်း “အကျွန်ုပ်နှင့်အတူ လိုက်ပါလာသောလူတို့တွင် ခြေကျင်လျှောက်သောယောက်ျား ခြောက်သိန်းရှိပါ၏။ ကိုယ်တော်က ‘ငါသည် သူတို့အား အသားကိုပေး၍ သူတို့သည် တစ်လလုံးစားရလိမ့်မည်’ဟု မိန့်တော်မူပါသည်တကား။ 22 သိုးအုပ်၊ နွားအုပ်တို့ကိုသတ်လျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော။ ပင်လယ်ငါးရှိသမျှတို့ကို စုဝေးစေလျှင်လည်း သူတို့အတွက် လုံလောက်ပါမည်လော”ဟု လျှောက်ဆိုလေ၏။ 23 ထိုအခါ ထာဝရဘုရားက မောရှေအား “ငါထာဝရဘုရား၏လက်သည် တိုသလော။ ငါ၏စကားတည်သည်၊ မတည်သည်ကို ယခု သင်သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူ၏။ 24 မောရှေသည် ထွက်သွား၍ လူတို့အား ထာဝရဘုရား၏စကားတော်တို့ကို ဆင့်ဆိုလေ၏။ သက်ကြီးဝါကြီးတို့ထဲမှ လူအယောက်ခုနစ်ဆယ်ကိုစုဝေးစေ၍ သူတို့ကို တဲတော်ပတ်ပတ်လည်၌ ရပ်စေ၏။ 25 ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ မောရှေနှင့်စကားပြောလေ၏။ ကိုယ်တော်သည် မောရှေ၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ သက်ကြီးဝါကြီးများဖြစ်သော လူအယောက်ခုနစ်ဆယ်တို့ထဲသို့ သွင်းပေးလေ၏။ ဝိညာဉ်တော်သည် သူတို့၌ကိန်းဝပ်တော်မူသောအခါ သူတို့သည် ပရောဖက်ပြုဟောပြောကြလေ၏။ သို့သော် နောက်တစ်ဖန် ထပ်၍မဟောပြောကြတော့ပေ။ 26 သို့သော် ဧလဒဒ်နှင့် မေဒဒ် အမည်ရှိသောသူနှစ်ယောက်သည် လူခုနစ်ဆယ်ထဲတွင်စာရင်းဝင်သော်လည်း သူတို့သည် တဲတော်သို့မသွားဘဲ တပ်စခန်း၌ ကျန်နေခဲ့၏။ ဝိညာဉ်တော်သည် သူတို့၌လည်း ကိန်းဝပ်တော်မူသဖြင့် သူတို့သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောကြ၏။ 27 လူငယ်တစ်ယောက်သည် ပြေးလာ၍ “ဧလဒဒ်နှင့် မေဒဒ်သည် တပ်စခန်းထဲ၌ ပရောဖက်ပြုဟောပြောနေပါသည်”ဟု မောရှေအား ပြောပြလေ၏။ 28 ထိုအခါ ငယ်ရွယ်စဉ်ကပင် မောရှေ၏လက်ထောက်ဖြစ်သော နုန်၏သားယောရှုက “အကျွန်ုပ်၏သခင် မောရှေ၊ ထိုသူတို့ကိုတားမြစ်ပါ”ဟု ဆို၏။ 29 မောရှေကလည်း “ငါ့အစား သင်ငြူစူရသလော။ ထာဝရဘုရား၏လူရှိသမျှတို့အား ထာဝရဘုရားသည် ဝိညာဉ်တော်ကိုပေးအပ်သဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြပါစေသော”ဟု ဆိုပြီးနောက် 30 မောရှေသည် အစ္စရေးအမျိုးသားသက်ကြီးဝါကြီးတို့နှင့်အတူ တပ်စခန်းသို့ ပြန်သွားလေ၏။ တပ်စခန်းတွင်ငုံးများကျခြင်း 31 ထာဝရဘုရားသည် လေကိုတိုက်ခတ်စေတော်မူ၍ ပင်လယ်မှ ငုံးတို့ကိုသယ်ဆောင်လာစေ၏။ တပ်စခန်း၏ပတ်ပတ်လည် ဟိုဘက်မှတစ်ရက်ခရီး၊ သည်ဘက်မှတစ်ရက်ခရီးအကွာအဝေးခန့်တိုင်အောင် တပ်စခန်း၌ ကျစေသဖြင့် ငုံးတို့သည် မြေပြင်ပေါ်မှနှစ်တောင်ခန့်အထူရှိလေ၏။ 32 လူတို့သည် ထသွား၍ ထိုနေ့တစ်နေ့လုံး၊ တစ်ညလုံး၊ နောက်နေ့တစ်နေ့လုံး ငုံးများကိုစုသိမ်းကြ၏။ အနည်းဆုံးစုသိမ်းသူပင်လျှင် ဆယ်ဟောမဲ ရရှိ၏။ သူတို့သည် ငုံးတို့ကို တပ်စခန်းပတ်ပတ်လည်၌ ဖြန့်ထားကြ၏။ 33 ငုံးသားကိုမဝါးမီ ကိုက်လျက်ရှိစဉ် ထာဝရဘုရားသည် လူတို့ကို အမျက်ထွက်လေ၏။ ထာဝရဘုရားသည် လူတို့ကို အလွန်ပြင်းထန်သောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူ၏။ 34 ထိုအရပ်၌ အာသာဆန္ဒပြင်းပြသောလူတို့ကို သင်္ဂြိုဟ်ခဲ့ရသောကြောင့် ထိုအရပ်၏အမည်ကို ကိဗြုတ်ဟတ္တဝါ ဟုခေါ်ဆိုလေ၏။ 35 လူတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ဟာဇရုတ်အရပ်သို့ ခရီးပြု၍ ဟာဇရုတ်အရပ်၌နေကြ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative