Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဇာ​ခ​ရိ 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


စတုတ္ထစိတ်အာရုံ-ယဇ်ပုရောဟိတ်မင်းနှင့်အပေါင်းပါများ

1 ထို့နောက် ယဇ်ပုရောဟိတ်​မင်း​ယောရှု​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​တော်​ရှေ့​၌​ရပ်​နေ​၍ စာတန်​သည် သူ့​အား စွဲချက်တင်​ရန် သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။

2 ထာဝရဘုရား​က စာတန်​အား “​စာတန်​၊ ထာဝရဘုရား​သည် သင့်​ကို ဆုံးမ​မည်​။ ဂျေရုဆလင်​မြို့​ကို ရွေးနုတ်​တော်မူ​သော​ထာဝရဘုရား​သည် သင့်​ကို ဆုံးမ​မည်​။ ဤသည်ကား မီး​ထဲမှ​ဆွဲထုတ်​လိုက်​သော​ထင်းစ မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။

3 ယောရှု​သည် ညစ်ပေ​သော​အဝတ်​ကို ဝတ်​လျက် ကောင်းကင်တမန်​ရှေ့​တွင် ရပ်​နေ​၏​။

4 ကောင်းကင်တမန်​က​လည်း သူ့​ရှေ့​တွင်​ရပ်​နေ​သော​သူ​တို့​အား “​ညစ်ပေ​နေ​သော​သူ့​အဝတ်​များ​ကို ချွတ်ပစ်​ပါ​”​ဟု ဆို​ပြီးလျှင် ယောရှု​အား “​ကြည့်​ပါ​။ သင့်​အပြစ်​တို့​ကို သင့်​ထံမှ ငါ​ဖယ်ရှား​ပစ်​ပြီ​။ ခန့်ညားထည်ဝါ​သော​အဝတ်​ကို​လည်း ဝတ်ဆင်​ပေး​မည်​”​ဟု မိန့်ဆို​၏​။

5 ငါ​က​လည်း “​သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို​လည်း ပေါင်း​ပေး​ပါ”​ဟု​ဆို​လျှင် သူ​တို့​က သူ​၏​ခေါင်း​ပေါ်တွင် သန့်ရှင်း​သော​ခေါင်းပေါင်း​ကို ပေါင်း​ပေး​ပြီး အဝတ်​ကို​လည်း ဝတ်​ပေး​ကြ​၏​။ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည်​လည်း အနား​တွင် ရပ်​လျက်​နေ​၏​။

6 ထို့နောက် ထာဝရဘုရား​၏​ကောင်းကင်တမန်​က ယောရှု​အား

7 “​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​၏​။ ‘သင်​သည် ငါ့​လမ်းစဉ်​များ​အတိုင်း လိုက်လျှောက်​ပြီး ငါ​ညွှန်ကြား​သည့်​အတိုင်း လိုက်နာ​မည်​ဆိုလျှင် ငါ့​အိမ်​တော်​တွင် တာဝန်ထမ်း​ရ​သော​အခွင့်​၊ ငါ့​ဝင်း​တော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရ​သော​အခွင့်​ကို ပေး​မည်​။ ရပ်​နေ​သော ဤ​သူ​တို့​နှင့်အတူ ဝင်ထွက်​သွားလာ​ရ​သော​အခွင့်​ကို​လည်း သင့်​အား ငါ​ပေး​မည်​။

8 အို ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ နားထောင်​လော့​။ သင်​နှင့်အတူ သင့်​ရှေ့​တွင်​ထိုင်​သော​သင့်​အပေါင်းပါ​တို့​လည်း နားထောင်​ကြ​လော့​။ အကြောင်းမူကား သူ​တို့​သည် နိမိတ်လက္ခဏာ​နှင့်ဆိုင်သော​လူ​များ ဖြစ်​ကြ​၏​။ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​ဖြစ်​သည့် အတက်​ကို ငါ​ထွက်လာ​စေ​မည်​။

9 ယောရှု​ရှေ့​တွင် ငါ​ချထား​သော​ကျောက်တုံး​ကို ကြည့်​လော့​။ ထို​ကျောက်တုံး​ပေါ်တွင်​မျက်စိ​ခုနစ်​လုံး​ပါ​၏​။ ငါ​သည် ထို​ကျောက်တုံး​ပေါ်တွင် ကျောက်စာ​ကမ္ပည်းထိုး​ထား​မည်​။ ဤ​ပြည်​၏​အပြစ်​တို့​ကို တစ်နေ့ချင်း​တွင် ငါ​ဖယ်ရှား​ပစ်​မည်’​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

10 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ထို​နေ့ရက်​တွင် စပျစ်ပင်​အောက်​၊ သဖန်းပင်​အောက်​သို့ လာရောက်​ကြ​ရန် အိမ်နီးချင်း​အချင်းချင်း ဖိတ်ခေါ်​ကြ​လိမ့်မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု သတိပေး​ပြောဆို​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ