ဆာလံ 71 - မြန်မာ့စံမီသမ္မာကျမ်းအိုမင်းချိန် ဘုရားသခင်မစမှု 1 အို ထာဝရဘုရား၊ ကိုယ်တော်၌အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကို မည်သည့်အခါမျှ အရှက်တကွဲဖြစ်စေတော်မမူပါနှင့်။ 2 ကိုယ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် အကျွန်ုပ်ကိုကယ်နုတ်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ အကျွန်ုပ်ကိုဂရုစိုက်နားထောင်ပြီး အကျွန်ုပ်ကိုကယ်တင်တော်မူပါ။ 3 အကျွန်ုပ်အစဉ်မပြတ်ဝင်ရောက်မှီခိုနိုင်သောကျောက်ဆောင်ဖြစ်တော်မူပါ။ အကျွန်ုပ်ကိုကယ်တင်ရန် ကိုယ်တော်အမိန့်ရှိတော်မူပြီ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်နှင့် အကျွန်ုပ်၏ရဲတိုက်ဖြစ်ပါ၏။ 4 အို အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးယုတ်သောသူတို့၏လက်မှလည်းကောင်း၊ မတရားသောသူနှင့်ကြမ်းကြုတ်သောသူ၏လက်ထဲမှလည်းကောင်း အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ 5 အကြောင်းမူကား အို ဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏မျှော်လင့်ရာဖြစ်ပါ၏။ အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်၏ကိုးစားရာဖြစ်ပါ၏။ 6 အကျွန်ုပ်သည် မွေးဖွားချိန်မှစ၍ ကိုယ်တော်ကိုမှီခိုအားထားပါ၏။ အကျွန်ုပ်၏မိခင်ဝမ်းထဲမှ အကျွန်ုပ်ကိုထုတ်ဆောင်ခဲ့သောအရှင်မှာ ကိုယ်တော်သာဖြစ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်ချီးမွမ်းပါမည်။ 7 အကျွန်ုပ်သည် များစွာသောသူတို့အတွက် ရှေ့ပြေးနိမိတ်ကဲ့သို့ဖြစ်ပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်၏ခိုင်ခံ့သောခိုလှုံရာဖြစ်ပါ၏။ 8 အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်နှင့် ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့် တစ်နေ့လုံးပြည့်လျက်ရှိပါ၏။ 9 အကျွန်ုပ်အိုမင်းသောအခါ အကျွန်ုပ်ကိုပစ်ထားတော်မမူပါနှင့်။ အကျွန်ုပ်၏ခွန်အားကုန်ခန်းသောအခါ အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ 10 အကြောင်းမူကား အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်ပြောဆိုကြပါ၏။ အကျွန်ုပ်အသက်ကို စောင့်ကြည့်နေသောသူတို့သည်လည်း အတူတကွလျှို့ဝှက်ကြံစည်ကြလျက် 11 “ဘုရားသခင်သည် သူ့ကိုစွန့်ပစ်လေပြီ။ ကယ်နုတ်မည့်သူမရှိသည်ဖြစ်၍ သူ့ကိုလိုက်၍ဖမ်းဆီးကြလော့”ဟု ဆိုကြပါ၏။ 12 အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။ 13 အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုပြစ်တင်စွပ်စွဲသောသူတို့သည် အရှက်ကွဲ၍ ပျက်စီးကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန် ရှာကြံသောသူတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်အသရေပျက်ခြင်း၌ နစ်မွန်းကြရပါစေသော။ 14 အကျွန်ုပ်မူကား ကိုယ်တော်ကို အစဉ်မပြတ်မျှော်လင့်ကိုးစား၍ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပို၍ပို၍ချီးမွမ်းပါမည်။ 15 ကိုယ်တော်၏ဖြောင့်မတ်ခြင်းနှင့်ကယ်တင်ခြင်းကို အကျွန်ုပ် အကုန်အစင်မသိနိုင်သော်လည်း အကျွန်ုပ်၏နှုတ်သည် ထိုအကြောင်းတို့ကို တစ်နေ့လုံးပြောကြားပါမည်။ 16 အကျွန်ုပ်သည် ဘုရားရှင်ထာဝရဘုရား၏ အစွမ်းတန်ခိုးတော်များဖြင့် သွား၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကိုသာ ထုတ်ဖော်ပြောဆိုပါမည်။ 17 အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ပျိုရွယ်စဉ်မှစ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ယခုတိုင်အောင် ပြောကြားပါ၏။ 18 အို ဘုရားသခင်၊ ကိုယ်တော်၏ဘုန်းလက်ရုံးတော်အကြောင်းကို ဤမျိုးဆက်အားလည်းကောင်း၊ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကို နောင်လာနောက်သားအပေါင်းတို့အားလည်းကောင်း မပြောကြားမီတိုင်အောင် အကျွန်ုပ်သည် အိုမင်း၍ ဆံပင်ဖြူလျက်ရှိလျှင်ပင် အကျွန်ုပ်ကိုစွန့်ပစ်တော်မမူပါနှင့်။ 19 အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်ကောင်းကင်တိုင်အောင်ရောက်ပါ၏။ ကြီးမြတ်သောအမှုတို့ကိုပြုတော်မူသော ဘုရားသခင်၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။ 20 အကျွန်ုပ်အား များစွာသောဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်တို့ကို ကြုံတွေ့စေတော်မူသောကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေ၍ မြေကြီး၏နက်ရှိုင်းရာအရပ်ထဲမှ အကျွန်ုပ်ကို ပြန်တက်လာစေတော်မူလိမ့်မည်။ 21 ကိုယ်တော်သည် အကျွန်ုပ်ကိုပို၍ကြီးမြတ်စေလျက် အကျွန်ုပ်ကို တစ်ဖန် နှစ်သိမ့်ပေးတော်မူလိမ့်မည်။ 22 အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏သစ္စာတော်အတွက် စောင်းပြားတူရိယာတီး၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်ကို စောင်းတီး၍ သီဆိုချီးမွမ်းပါမည်။ 23 ကိုယ်တော်ကိုသီဆိုချီးမွမ်းသောအခါ အကျွန်ုပ်၏နှုတ်ခမ်းသည်လည်းကောင်း၊ ကိုယ်တော်ရွေးနုတ်ကယ်တင်တော်မူသော အကျွန်ုပ်၏စိတ်ဝိညာဉ်သည်လည်းကောင်း ရွှင်လန်းစွာကြွေးကြော်ပါမည်။ 24 အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative