ဆာလံ 7 - မြန်မာ့စံမီသမ္မာကျမ်းတရားမျှတစွာစီရင်ပေးတော်မူရန် ဆုတောင်းခြင်း ဗင်္ယာမိန်အမျိုးသားကုရှ၏အပြုအမူကြောင့် ထာဝရဘုရားထံသို့ ဒါဝိဒ်သီကျူးသောရှိဂျောနုတ်သီချင်း 1 အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူအပေါင်းတို့၏လက်မှ အကျွန်ုပ်ကိုကယ်တင်၍ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။ 2 သို့မဟုတ်လျှင် ကယ်နုတ်သူမရှိစဉ် သူတို့သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆုတ်ဖြဲ၍ အပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ 3 အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုတို့ကိုပြုခဲ့သည်ဆိုလျှင် တစ်နည်းအားဖြင့် အကျွန်ုပ်လက်၌ မတရားမှုရှိခဲ့သည်ဆိုလျှင်၊ 4 အကျွန်ုပ်နှင့်သင့်မြတ်သောသူအပေါ် မကောင်းမှုပြုခဲ့၍ အကျွန်ုပ်ရန်သူ၏ဥစ္စာကို အကြောင်းမဲ့လုယူခဲ့သည်ဆိုလျှင် 5 ရန်သူသည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို လိုက်၍မီပါစေ။ အကျွန်ုပ်၏အသက်ကို မြေပေါ်မှာနင်းချေပါစေ။ အကျွန်ုပ်၏ဘုန်းအသရေကိုလည်း မြေမှုန့်ထဲမှာချထားပါစေ။(စေလာ) 6 အို ထာဝရဘုရား၊ အမျက်တော်နှင့်ထတော်မူပါ။ အကျွန်ုပ်ရန်သူတို့၏ဒေါသကိုဆန့်ကျင်လျက် ရပ်တော်မူပါ။ အကျွန်ုပ်အတွက် နိုးကြွတော်မူပါ။ ကိုယ်တော်သည် တရားစီရင်ခြင်းကိုစီမံတော်မူပြီ။ 7 လူမျိုးတို့၏အစုအဝေးသည် ကိုယ်တော်ကိုဝိုင်းရံကြပါစေ။ ထိုသူတို့အထက် မြင့်သောအရပ်သို့ ပြန်ကြွတော်မူပါ။ 8 ထာဝရဘုရားသည် လူမျိုးတကာတို့ကို စစ်ကြောစီရင်တော်မူ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ဖြောင့်မတ်ခြင်း၊ အကျွန်ုပ်၏တည်ကြည်ခြင်းနှင့်အညီ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ 9 ဆိုးယုတ်သောသူတို့၏မကောင်းမှုသည် ပပျောက်သွားပါစေ။ သို့သော် ဖြောင့်မတ်သောသူကိုတည်မြဲစေတော်မူပါ။ ဖြောင့်မတ်တော်မူသောဘုရားသခင်သည် စိတ်နှလုံးအတွင်းသဘောကို စစ်ဆေးတော်မူ၏။ 10 စိတ်နှလုံးဖြောင့်မှန်သောသူတို့ကို ကယ်တင်တော်မူသောဘုရားသခင်သည် ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ 11 ဘုရားသခင်သည် ဖြောင့်မတ်စွာတရားစီရင်သောအရှင်ဖြစ်တော်မူပြီး ဆိုးယုတ်သောသူကို နေ့စဉ်နှင့်အမျှအမျက်ထွက်တော်မူရပါ၏။ 12 သူသည် နောင်တမရလျှင် ကိုယ်တော်သည် ဓားတော်ကိုသွေးထားလိမ့်မည်။ လေးတော်ကိုတင်၍ ချိန်ရွယ်ထားလိမ့်မည်။ 13 သေစေတတ်သောလက်နက်တို့ကိုလည်း ထိုသူအတွက်ပြင်ဆင်၍ မီးမြားတို့ကို ပြင်ဆင်ထားတော်မူမည်။ 14 ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။ 15 သူသည် တွင်းတူး၍ ၎င်းကိုယက်ထုတ်ကာ မိမိတူးထားသောတွင်းထဲသို့ ကျလိမ့်မည်။ 16 သူဖန်တီးသောအခက်အခဲပြဿနာသည် သူ့ခေါင်းပေါ်ပြန်ရောက်၍ သူ၏ရက်စက်ကြမ်းကြုတ်မှုသည် သူ၏ဦးခေါင်းထိပ်ပေါ်ကျလိမ့်မည်။ 17 ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative