Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဆာ​လံ 26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


အပြစ်မရှိကြောင်းစီရင်တော်မူရန် ဆုတောင်းခြင်း
ဒါဝိဒ်​၏​ဆာလံ

1 အို ထာဝရဘုရား​၊ အကျွန်ုပ်​၌​အပြစ်​မ​ရှိ​ကြောင်း စီရင်​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် တည်ကြည်​စွာ​လျှောက်လှမ်း​၍ ယိမ်းယိုင်​ခြင်း​မ​ရှိ​ဘဲ ထာဝရဘုရား​ကို ယုံကြည်ကိုးစား​ပါ​၏​။

2 အို ထာဝရဘုရား​၊ အကျွန်ုပ်​ကို​စစ်ဆေး​၍ အကျွန်ုပ်​ကို​စမ်းသပ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်နှလုံး​အတွင်းသဘော​ကို စစ်ကြော​တော်မူ​ပါ​။

3 အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​၏​မျက်မှောက်​တွင်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​၏​။

4 အကျွန်ုပ်​သည် မဟုတ်မမှန်​သော​သူ​တို့​နှင့်အတူ မ​ထိုင်​ပါ​။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​နှင့်​လည်း အတူ​သွားလာ​မည်​မ​ဟုတ်​ပါ​။

5 ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​၏​အစုအဝေး​ကို မုန်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​နှင့်​လည်း အတူ​ထိုင်​မည်​မ​ဟုတ်​ပါ​။

6 အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ

7 ကျေးဇူးတော်​ချီးမွမ်း​ခြင်း​အသံ​ကို​လွှင့်​၍ ကိုယ်တော်​၏​အံ့ဖွယ်​သော​အမှု​ရှိသမျှ​တို့​ကို ပြောကြား​ပါ​မည်​။

8 အို ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​ရာ​အိမ်​တော်​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တည်ရှိ​ရာ​အရပ်​တို့​ကို အကျွန်ုပ်​မြတ်နိုး​ပါ​၏​။

9 အပြစ်သား​တို့​နှင့်အတူ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို​လည်းကောင်း​၊ လူ့​အသက်​သတ်​သော​သူ​တို့​နှင့်အတူ အကျွန်ုပ်​၏​အသက်​ကို​လည်းကောင်း ရုပ်သိမ်း​တော်​မ​မူ​ပါ​နှင့်​။

10 ထို​သူ​တို့​လက်​ထဲ၌ ဆိုးညစ်​သော​အကြံ​ရှိ​၍ သူ​တို့​၏​လက်ယာ​လက်​သည် တံစိုးလက်ဆောင်​နှင့်​ပြည့်​နေ​ပါ​၏​။

11 အကျွန်ုပ်​မူကား တည်ကြည်​စွာ​လျှောက်လှမ်း​ပါ​၏​။ အကျွန်ုပ်​ကို​ရွေးနုတ်ကယ်တင်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။

12 အကျွန်ုပ်​၏​ခြေ​သည် ညီညာ​သော​အရပ်​၌​ရပ်​နေ​ပါ​၏​။ အကျွန်ုပ်​သည် လူထုပရိသတ်​ကြီး​အလယ်​တွင် ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​ပါ​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ