ဆာလံ 137 - မြန်မာ့စံမီသမ္မာကျမ်းဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတို့၏ကြေကွဲသံ 1 ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။ 2 ငါတို့၏စောင်းများကို မိုးမခပင်များပေါ်၌ ချိတ်ထားကြ၏။ 3 အကြောင်းမူကား ငါတို့ကိုဖမ်းဆီးခေါ်ဆောင်လာသောသူတို့က ထိုအရပ်၌ ငါတို့ကို သီချင်းများတောင်းဆိုကြ၏။ ငါတို့ကိုညှဉ်းဆဲသောသူတို့ကလည်း မိမိတို့ပျော်ရွှင်မှုအတွက် “ဇိအုန်သီချင်းကို ငါတို့အားဆိုပြကြလော့”ဟု ဆိုကြ၏။ 4 ငါတို့သည် တိုင်းတစ်ပါးသားတို့ပြည်၌ ထာဝရဘုရား၏သီချင်းကို မည်သို့သီဆိုနိုင်ကြမည်နည်း။ 5 အို ဂျေရုဆလင်မြို့၊ သင့်ကိုငါမေ့လျော့ခဲ့လျှင် ငါ၏လက်ယာလက်သည် မိမိ၏အတတ်ကိုမေ့လျော့ပါစေ။ 6 သင့်ကို ငါသတိမရခဲ့လျှင်လည်းကောင်း၊ ဂျေရုဆလင်မြို့ကို ငါ့ဝမ်းမြောက်ခြင်း၏ထိပ်ဆုံး၌ မထားခဲ့လျှင်လည်းကောင်း ငါ၏လျှာသည် အာခေါင်၌ကပ်နေပါစေ။ 7 အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။ 8 အို ပျက်စီးခြင်းသို့ရောက်မည့် ဘေဘီလုံ၏သမီး၊ ငါတို့အပေါ် သင်ပြုခဲ့သည့်အတိုင်း သင်၌ဆပ်ပေးမည့်သူသည် မင်္ဂလာရှိ၏။ 9 သင်၏ကလေးသူငယ်တို့ကိုဆွဲကိုင်၍ ကျောက်ပေါ်မှာပစ်ပေါက်သောသူသည် မင်္ဂလာရှိ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative