ဆာလံ 1 - မြန်မာ့စံမီသမ္မာကျမ်းအပိုင်း (၁) ဆာလံကျမ်း ၁-၄၁ လမ်းနှစ်သွယ် 1 ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊ 2 ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ ထိုတရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ 3 ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။ 4 ဆိုးယုတ်သောသူတို့မူကား ထိုကဲ့သို့မဟုတ်။ လေတိုက်၍ လွင့်သွားသောဖွဲနှင့်တူကြ၏။ 5 ထို့ကြောင့် ဆိုးယုတ်သောသူတို့သည် တရားစီရင်တော်မူရာကာလ၌လည်းကောင်း၊ အပြစ်သားတို့သည် ဖြောင့်မတ်သောသူတို့၏ အစုအဝေးထဲ၌လည်းကောင်း ရပ်တည်နိုင်ကြမည်မဟုတ်။ 6 အကြောင်းမူကား ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့၏လမ်းကို သိတော်မူ၏။ ဆိုးယုတ်သောသူတို့၏လမ်းမူကား ပျက်စီးသွားလိမ့်မည်။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative