Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ဂ​လာ​တိ 3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရခြင်း

1 အို မိုက်မဲ​သော​ဂလာတိ​ပြည်သား​တို့၊ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ယေရှု​ခရစ်တော်​သည် သင်​တို့​မျက်စိ​ရှေ့၌ ထင်ရှား​စွာ​ဖော်ပြ​ခြင်း​ခံရ​လျက်​နှင့် မည်သူ​က သင်​တို့​ကို​ပြုစား​လိုက်​သနည်း။

2 ဤ​အချက်​ကို​သာ သင်​တို့​ထံမှ ငါ​သိ​လို​၏။ သင်​တို့​သည် ဝိညာဉ်​တော်​ကို ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​အားဖြင့် ခံယူ​ရရှိ​ကြ​သလော၊ သို့မဟုတ် ကြားနာ​၍​ယုံကြည်​သော​အားဖြင့် ခံယူ​ရရှိ​ကြ​သလော။

3 သင်​တို့​သည် ဤမျှလောက် မိုက်မဲ​ကြ​သလော။ ဝိညာဉ်​တော်​အားဖြင့်​အစပြု​ခဲ့​ပြီးမှ ယခု သွေးသား​ဇာတိ​အားဖြင့် အဆုံးသတ်​လို​ကြ​သလော။

4 သင်​တို့​သည် ဤမျှလောက် များစွာ​သော​ဒုက္ခ​ဝေဒနာ​ကို အချည်းနှီး​ခံစား​ခဲ့​ကြ​ပြီ​လော။ ၎င်း​သည် အမှန်ပင် အချည်းနှီး​ဖြစ်​သလော။

5 သို့ဖြစ်လျှင် ဝိညာဉ်​တော်​ကို သင်​တို့​အား​ပေး​တော်မူ​၍ သင်​တို့​ထဲ၌ တန်ခိုး​နှင့်​ပြည့်စုံ​သော​အမှု​ကို ပြု​တော်မူ​သော​အရှင်​သည် သင်​တို့​၏​ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကြောင့် ထိုသို့​ပြု​တော်မူ​သလော၊ သို့မဟုတ် သင်တို့​ကြားနာ​၍​ယုံကြည်​သောကြောင့် ထိုသို့​ပြု​တော်မူ​သလော။

6 ဤသည်ကား “အာဗြဟံ​သည် ဘုရားသခင်​ကို​ယုံကြည်​သဖြင့် ထို​ယုံကြည်​ခြင်း​ကို သူ​၏​ဖြောင့်မတ်​ခြင်း​အဖြစ် သတ်မှတ်​တော်မူ​၏”​ဟု ဆိုထား​သည့်​အတိုင်း​ဖြစ်​၏။

7 သို့ဖြစ်၍ ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် အာဗြဟံ​၏​သားသမီး​များ​ဖြစ်​ကြ​သည်​ကို သိမှတ်​ကြ​လော့။

8 ဘုရားသခင်​သည် လူမျိုးခြား​တို့​ကို ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​တော်မူ​မည်​ဖြစ်​ကြောင်း ကျမ်းစာ​သည် ကြိုတင်​သိမြင်​၍ အာဗြဟံ​အား “လူမျိုး​အပေါင်း​တို့​သည် သင့်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်”​ဟူသည့် ကောင်းမြတ်​သော​သတင်း​ကို ကြိုတင်​ဟောပြော​လေ​၏။

9 ထို့ကြောင့် ယုံကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံကြည်​သော​အာဗြဟံ​နှင့်အတူ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​ကြ​၏။


ပညတ်တရားနှင့်ကတိတော်

10 “ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။

11 “ဖြောင့်မတ်​သော​သူ​သည် ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​သောကြောင့် ပညတ်​တရား​အားဖြင့် မည်သူမျှ ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​မည်​မ​ဟုတ်​ကြောင်း သိသာ​ထင်ရှား​၏။

12 သို့သော် ပညတ်​တရား​သည် ယုံကြည်​ခြင်း​နှင့်​ဆိုင်​သည်​မ​ဟုတ်​ဘဲ “ပညတ်​တရား​တို့​ကို ကျင့်သုံး​သော​သူ​သည် ၎င်း​တို့​အားဖြင့် အသက်ရှင်​မည်”​ဖြစ်​၏။

13 ခရစ်တော်​သည် ငါ​တို့​အတွက် ကျိန်​ခြင်း​ခံရ​သူ​ဖြစ်​ပြီး ငါ​တို့​ကို ပညတ်​တရား​၏​ကျိန်​ခြင်း​မှ ရွေးနုတ်​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် “သစ်​တိုင်​ပေါ်၌​ဆွဲ​ထား​ခြင်း​ခံရ​သူ​တိုင်း ကျိန်​ခြင်း​ကို​ခံရ​သူ​ဖြစ်​၏”​ဟု ရေး​ထား​၏။

14 ထိုသို့ ငါ​တို့​ကို​ရွေးနုတ်​တော်မူ​ခြင်း​မှာ အာဗြဟံ​ခံစား​ရ​သော​ကောင်းချီး​မင်္ဂလာ​သည် ခရစ်တော်​ယေရှု​အားဖြင့် လူမျိုးခြား​တို့​အပေါ်သို့ သက်ရောက်​သဖြင့် ကတိ​ထား​တော်မူ​သော​ဝိညာဉ်​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် ငါ​တို့​ခံယူ​ရရှိ​ရန်​အတွက်​ဖြစ်​၏။

15 ညီအစ်ကို​တို့၊ လူ​၏​ထုံးစံ​ကို​ပုံဆောင်​၍ ငါ​ပြော​မည်။ လူ​တို့​ချုပ်ဆို​ထား​သော​စာချုပ်​ပင်လျှင် မည်သူ​က​မျှ ပယ်ဖျက်​ခြင်း​၊ သို့မဟုတ် ဖြည့်စွက်​ခြင်း​မ​ပြု​ရ​ချေ။

16 ဘုရားသခင်​သည် အာဗြဟံ​နှင့်​သူ​၏​အမျိုးအနွယ်​အား ကတိ​ပေး​တော်မူ​ရာ​၌ အများ​ကို​ရည်ညွှန်း​၍ “အမျိုးအနွယ်​တို့”​ဟု မိန့်​တော်​မ​မူ​ဘဲ တစ်​ယောက်​သော​သူ​ကို​သာ​ရည်ညွှန်း​၍ “သင်​၏​အမျိုးအနွယ်”​ဟု မိန့်​တော်မူ​၏။ ထို​သူ​ကား ခရစ်တော်​ဖြစ်​၏။

17 ငါ​ဆိုလို​သည်​မှာ ဤသို့​ဖြစ်​၏။ နှစ်​ပေါင်း​လေးရာ​သုံးဆယ်​လွန်​ပြီးမှ ပေါ်လာ​သည့်​ပညတ်​တရား​သည် ဘုရားသခင်​ကြိုတင်​ဖွဲ့​ထား​သော​ပဋိညာဉ်​ကို မ​ပယ်ဖျက်​သကဲ့သို့ ကတိ​တော်​ကို​လည်း မ​ပျက်ပြယ်​စေ​နိုင်​ရာ။

18 အကြောင်းမူကား အမွေ​တော်​သည် ပညတ်​တရား​အပေါ်​၌​မူတည်​လျှင် ကတိ​တော်​အပေါ်​၌ မ​မူတည်​တော့​ပေ။ သို့သော် ဘုရားသခင်​သည် အာဗြဟံ​အား ထို​အမွေ​တော်​ကို ကတိ​တော်​အားဖြင့် ပေး​သနား​တော်မူ​ပြီ။


ပညတ်တရား၏ရည်ရွယ်ချက်

19 သို့ဖြစ်လျှင် ပညတ်​တရား​သည် အဘယ်ကြောင့်​ရှိ​ရ​သနည်း။ ၎င်း​သည် ကတိ​တော်​ကို​ခံရ​သော​အမျိုးအနွယ်​ပေါ်ထွန်း​သည်​အထိ ဖောက်ဖျက်​ကျူးလွန်​မှု​များ​ကြောင့် ဖြည့်စွက်​ထား​ခြင်း​ခံရ​ပြီး ကောင်းကင်​တမန်​များ​မှ​တစ်ဆင့် ကြားဝင်​စေ့စပ်​သူ​အားဖြင့် ပြဋ္ဌာန်း​ခြင်း​ခံရ​၏။

20 ကြားဝင်​စေ့စပ်​သူ​သည် တစ်​ဖက်​နှင့်​သာ​ဆိုင်​သည်​မ​ဟုတ်။ ဘုရားသခင်​မူကား တစ်ပါးတည်း​ဖြစ်​တော်မူ​၏။

21 သို့ဖြစ်လျှင် ပညတ်​တရား​သည် ဘုရားသခင်​၏​ကတိ​တော်​နှင့် ဆန့်ကျင်ဘက်​ဖြစ်​သလော။ လုံးဝ​မ​ဖြစ်​ပေ။ အကြောင်းမူကား ပေးအပ်​ထား​သော​ပညတ်​တရား​သည် အသက်ရှင်​စေ​နိုင်​သည်​ဆိုလျှင် ဖြောင့်မတ်​ခြင်း​ကို ထို​ပညတ်​တရား​အားဖြင့် အမှန်ပင်​ရရှိ​ခဲ့​ပေ​လိမ့်မည်။

22 သို့သော် ယေရှု​ခရစ်တော်​ကို​ယုံကြည်​ခြင်း​နှင့်စပ်ဆိုင်​သော​ကတိ​တော်​ကို ယုံကြည်​သော​သူ​တို့​အား​ပေးအပ်​ရန် ကျမ်းစာ​သည် လူ​အပေါင်း​တို့​ကို အပြစ်​တရား​၏​လက်အောက်​တွင် ချုပ်နှောင်​ထား​၏။

23 သို့ရာတွင် ငါ​တို့​သည် ယုံကြည်​ခြင်း​တရား​ရောက်​မ​လာ​မီ ပညတ်​တရား​အောက်၌ စောင့်ရှောက်​ခြင်း​ခံရ​လျက် ယုံကြည်​ခြင်း​တရား​ထင်ရှား​လာ​သည့်​အထိ ချုပ်နှောင်​ထား​ခြင်း​ခံရ​ကြ​၏။

24 ထို့ကြောင့် ပညတ်​တရား​သည် ယုံကြည်​ခြင်း​အားဖြင့် ဖြောင့်မတ်​သည်​ဟု​ငါ​တို့​အသိအမှတ်ပြု​ခြင်း​ခံရ​ရန် ငါ​တို့​ကို ခရစ်တော်​ထံသို့​ပို့ဆောင်​သော ငါ​တို့​၏​အုပ်ထိန်း​သူ​ဖြစ်​၏။

25 သို့သော် ယုံကြည်​ခြင်း​တရား​ရောက်လာ​ပြီ​ဖြစ်၍ ငါ​တို့​သည် အုပ်ထိန်း​သူ​၏​လက်အောက်​၌ မ​ရှိ​ကြ​တော့​ပေ။

26 အကြောင်းမူကား သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​ကို​ယုံကြည်​ခြင်း​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။


သားနှင့်အမွေခံများ

27 အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၌​ဗတ္တိဇံ​ခံ​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​ကို​ဝတ်ဆင်​ကြ​၏။

28 သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။

29 သင်​တို့​သည် ခရစ်တော်​နှင့်​စပ်ဆိုင်​လျှင် အာဗြဟံ​၏​အမျိုးအနွယ်​ဖြစ်၍ ကတိ​တော်​အရ အမွေခံ​များ​ဖြစ်​ကြ​၏။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ