Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ကမ္ဘာ​ဦး 48 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ဧဖရိမ်နှင့်မနာရှေကို ယာကုပ်ကောင်းချီးပေးခြင်း

1 ထို့နောက်တွင် “​သခင်​၏​ဖခင် နာမကျန်း​ဖြစ်​နေ​၏​”​ဟု ယောသပ်​ကြား​ရ​လျှင် သား​နှစ်​ယောက်​ဖြစ်​သော မနာရှေ​နှင့်​ဧဖရိမ်​ကို မိမိ​နှင့်အတူ ဖခင်​ထံသို့ ခေါ်ဆောင်​သွား​လေ​၏​။

2 “​သင့်​သား​ယောသပ်​သည် သင့်​ထံသို့​ရောက်လာ​ပါ​ပြီ​”​ဟု ယာကုပ်​ကြား​သောအခါ အစ္စရေး​သည် အားတင်း​၍ ခုတင်​ပေါ်တွင်​ထထိုင်​လေ​၏​။

3 ထို့နောက် ယာကုပ်​က ယောသပ်​အား “​အနန္တတန်ခိုးရှင်​ဘုရားသခင်​သည် ခါနာန်​ပြည်​၊ လုဇ​မြို့​၌ ငါ့​အား ကိုယ်ထင်ရှားပြ​တော်မူ​၍ ငါ့​ကို​ကောင်းချီးပေး​လျက်

4 ‘​ငါ​သည် သင့်​ကို တိုးပွား​များပြား​စေ​၍ လူမျိုးကြီး​ဖြစ်​စေ​မည်​။ ဤ​ပြည်​ကို နောင်လာမည့်​သင်​၏​သားစဉ်မြေးဆက်​အား အစဉ်အမြဲ​ပိုင်ဆိုင်​ရာ​အဖြစ် ငါ​ပေး​မည်​’​ဟု ငါ့​အား​မိန့်​တော်မူ​ခဲ့​၏​။

5 အီဂျစ်​ပြည်​သို့​ငါ​မ​ရောက်လာ​မီ အီဂျစ်​ပြည်​၌ သင်​ရ​နှင့်​သော သား​နှစ်​ယောက်​သည် ငါ့​သား​များ​ဖြစ်​၏​။ ဧဖရိမ်​နှင့်​မနာရှေ​သည် ရုဗင်​နှင့်​ရှိမောင်​ကဲ့သို့ ငါ့​သား​များ​ဖြစ်​ရ​မည်​။

6 သူ​တို့​နောက်မှ သင်​ရ​သော​သားသမီး​များ​ကား သင်​၏​သားသမီး​များ​ဖြစ်​၏​။ ထို​သားသမီး​တို့​သည် မိမိ​တို့​အမွေ​ကို မိမိ​အစ်ကို​တို့​အမည်​ဖြင့် မှတ်​ရ​မည်​။

7 ငါ​သည် ပါဒန်အာရံ​ပြည်​မှ​ပြန်လာ​သောအခါ ခါနာန်​ပြည်​သို့​အပြန်လမ်း​၌ ဧဖရတ်​အရပ်​သို့​ရောက်​ရန်​အလှမ်းဝေး​သေး​သော​နေရာ​တွင် ရာခေလ​သည် ငါ့​မျက်စိ​ရှေ့​မှာ​ပင် သေဆုံး​၍ သူ့​ကို ဗက်လင် ခေါ် ဧဖရတ်​မြို့​သို့​သွား​ရာ​လမ်း​၌ သင်္ဂြိုဟ်​၏​”​ဟု ဆို​လေ​၏​။

8 အစ္စရေး​သည် ယောသပ်​၏​သား​တို့​ကို​မြင်​သောအခါ “​ဤ​သူ​တို့​ကား မည်သူ​နည်း​”​ဟု မေး​၏​။

9 ယောသပ်​က “​သူ​တို့​သည် ဤ​ပြည်​၌ အကျွန်ုပ်​အား​ဘုရားသခင်​ပေး​တော်မူ​သော အကျွန်ုပ်​၏​သား​များ​ဖြစ်​ပါ​၏​”​ဟု ဖခင်​အား​ပြန်ဖြေ​၏​။ အစ္စရေး​က “​သူ​တို့​ကို ငါ့​နား​သို့ ခေါ်လာ​လော့​။ သူ​တို့​ကို ငါ​ကောင်းချီးပေး​မည်​”​ဟု ဆို​လေ​၏​။

10 အစ္စရေး​သည် အသက်ကြီး​သောကြောင့် မျက်စိ​မှုန်​၍​မ​မြင်​နိုင်​ပေ​။ ထို့ကြောင့် ယောသပ်​သည် သူ​၏​သား​တို့​ကို အစ္စရေး​အနီး​သို့​ခေါ်လာ​၏​။ ထိုအခါ အစ္စရေး​သည် ယောသပ်​၏​သား​တို့​ကို​နမ်း​ပြီး ပွေ့ဖက်​လေ​၏​။

11 အစ္စရေး​က ယောသပ်​အား “​သင်​၏​မျက်နှာ​ကို​တွေ့မြင်​ရ​လိမ့်မည်​ဟု ငါ​မ​ထင်​ခဲ့​ပေ​။ သို့သော် ဘုရားသခင်​သည် သင်​၏​သားသမီး​တို့​ကို​ပင် ငါ့​ကို​တွေ့မြင်​ခွင့်​ပေး​တော်မူ​ပြီ​”​ဟု ဆို​၏​။

12 ယောသပ်​သည် မိမိ​၏​သား​တို့​ကို ဖခင်​၏​ဒူး​ကြား​မှ​ထုတ်​ပြီးလျှင် မြေ​မှာ​ပျပ်ဝပ်​လေ​၏​။


ဧဖရိမ် ကောင်းချီးပိုမိုရရှိခြင်း

13 ထို့နောက် ယောသပ်​သည် မိမိ​၏​သား​နှစ်​ယောက်​ကို​ယူ​၍ မိမိ​လက်ယာ​ဘက်​၌​ရှိ​သော​ဧဖရိမ်​ကို အစ္စရေး​၏​လက်ဝဲ​ဘက်​သို့​လည်းကောင်း​၊ မိမိ​လက်ဝဲ​ဘက်​၌​ရှိ​သော​မနာရှေ​ကို အစ္စရေး​၏​လက်ယာ​ဘက်​သို့​လည်းကောင်း ချဉ်းကပ်​စေ​၏​။

14 ဧဖရိမ်​သည် သား​အငယ်​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်ယာ​လက်​ကို​ဆန့်​၍ ဧဖရိမ်​၏​ခေါင်း​ပေါ်သို့​တင်​၏​။ မနာရှေ​သည် သားဦး​ဖြစ်​သော်လည်း အစ္စရေး​သည် မိမိ​လက်​ကို ကြက်ခြေခတ်​၍ မိမိ​၏​လက်ဝဲ​လက်​ကို မနာရှေ​ခေါင်း​ပေါ်သို့​တင်​၏​။

15 အစ္စရေး​သည် ယောသပ်​အား​ကောင်းချီးပေး​လျက် “​ငါ့​ဘိုးဘေး​အာဗြဟံ​နှင့်​ဣဇက်​တို့​ကိုးကွယ်​သော ဘုရားသခင်​၊ ငါ့​အသက်တာ​တစ်လျှောက်လုံး​တွင် ယနေ့​တိုင်အောင် ငါ့​ကို​ထိန်းကျောင်း​တော်မူ​သော​ဘုရားသခင်​၊

16 ဘေးအန္တရာယ်​အပေါင်း​မှ ငါ့​ကို​ရွေးနုတ်​တော်မူ​သော ကောင်းကင်တမန်​သည် ဤ​သူငယ်​တို့​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။ သူ​တို့​ကို ငါ​၏​အမည်​ဖြင့်​လည်းကောင်း​၊ ငါ့​ဘိုးဘ​အာဗြဟံ​နှင့်​ဣဇက်​တို့​၏​အမည်​ဖြင့်​လည်းကောင်း မှည့်ခေါ်​ပါစေသော​။ သူ​တို့​သည် မြေကြီး​ပေါ်၌ အလွန်​ပွားများ​ကြ​ပါစေသော​”​ဟု ဆို​လေ​၏​။

17 ဖခင်​သည် ဧဖရိမ်​၏​ခေါင်း​ပေါ်၌ လက်ယာ​လက်​တင်​ထား​သည်​ကို ယောသပ်​မြင်​သောအခါ ဘဝင်မကျ​သဖြင့် ဧဖရိမ်​၏​ခေါင်း​ပေါ်​မှ မနာရှေ​၏​ခေါင်း​ပေါ်သို့​ရွှေ့​ရန် ဖခင်​၏​လက်​ကို ကိုင်​၍

18 ယောသပ်​က ဖခင်​အား “​ထိုသို့​မ​ဟုတ်​ပါ​၊ အဖေ​။ ဤ​တစ်​ယောက်​သည် သားဦး​ဖြစ်​ပါ​၏​။ အဖေ​၏​လက်ယာ​လက်​ကို သူ့​ခေါင်း​ပေါ်၌​တင်​ပါ​လော့​”​ဟု ဆို​၏​။

19 သို့သော် ဖခင်​သည်​ငြင်းဆန်​လျက် “​ငါ​သိ​၏ ငါ့​သား​။ ငါ​သိ​၏​။ သူ​သည် လူမျိုး​တစ်​မျိုး​ဖြစ်လာ​မည်​။ ကြီးမြတ်​သော​သူ​လည်း​ဖြစ်လာ​မည်​။ သို့သော် ညီ​သည် အစ်ကို​ထက်​ကြီးမြတ်​၍ ညီ​၏​သားစဉ်မြေးဆက်​သည် လူမျိုး​များစွာ​ဖြစ်လာ​မည်​”​ဟု ဆို​၏​။

20 တစ်ဖန် ထို​နေ့​၌ အစ္စရေး​သည် သူ​တို့​အား “​အစ္စရေး​အမျိုးသား​တို့​သည် သင်​တို့​ကို​အစွဲပြု​၍ ‘​ဘုရားသခင်​သည် သင့်​ကို ဧဖရိမ်​နှင့် မနာရှေ​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပါစေသော​’​ဟူ၍ အချင်းချင်း ကောင်းချီးပေး​ကြ​လိမ့်မည်​”​ဟု ကောင်းချီးပေး​လေ​၏​။ ထိုသို့ အစ္စရေး​သည် ဧဖရိမ်​ကို မနာရှေ​၏​ရှေ့​၌ နေရာချ​လေ​၏​။

21 ထို့နောက် အစ္စရေး​က ယောသပ်​အား “​ငါ​သေ​ရ​တော့​မည်​။ သို့သော်လည်း ဘုရားသခင်​သည် သင်​တို့​နှင့်အတူ​ရှိ​တော်မူ​၍ သင်​တို့​ဘိုးဘေး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပြန်လည်​ပို့ဆောင်​တော်မူ​လိမ့်မည်​။

22 ငါ့​ဓား​၊ ငါ့​လေး​ဖြင့် အာမောရိ​လူမျိုး​တို့​လက်​ထဲမှ ငါ​သိမ်းယူ​ခဲ့​သော​မြေ​ကို ငါ​သည် သင်​၏​ညီအစ်ကို​တို့​ထက် သင့်​ကို ဝေစု​တစ်စု​ပို​ပေး​၏​”​ဟု ဆို​လေ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ