ကမ္ဘာဦး 19 - မြန်မာ့စံမီသမ္မာကျမ်းသောဒုံမြို့နှင့်ဂေါမောရမြို့ပျက်စီးခြင်း 1 ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင် 2 “အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။ 3 သို့သော် လောတသည် သူတို့ကို မရမကဖိတ်ခေါ်သောကြောင့် သူတို့သည် သူနှင့်အတူလိုက်လာ၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတသည် သူတို့အတွက် စားသောက်ပွဲပြင်ဆင်၍ တဆေးမဲ့မုန့်ကိုဖုတ်လေ၏။ သူတို့သည်လည်း စားကြ၏။ 4 သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။ 5 ထိုသူတို့သည် လောတကိုဟစ်ခေါ်လျက် “ယနေ့ညတွင် သင့်ထံသို့ရောက်လာသောယောက်ျားတို့သည် အဘယ်မှာရှိသနည်း။ ငါတို့သည် သူတို့နှင့်ဆက်ဆံလိုသည်ဖြစ်၍ သူတို့ကို ငါတို့ထံထုတ်ခဲ့လော့”ဟု ဆိုကြ၏။ 6 ထိုအခါ လောတသည် ထိုသူတို့ရှိရာတံခါးဝသို့ထွက်လာ၍ မိမိနောက်မှ တံခါးကိုပိတ်ပြီးလျှင် 7 “ငါ့ညီအစ်ကိုတို့၊ ဤဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ 8 ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။ 9 ထိုသူတို့ကလည်း “ဘေးဖယ်လော့”ဟု ဆိုကြပြီးလျှင် “ဤသူသည် ဧည့်သည်အဖြစ်လာရောက်နေထိုင်သူဖြစ်လျက်နှင့် တရားသူကြီးအလွန်လုပ်သည်တကား။ ယခု သင့်ကို ထိုသူတို့ထက် ဆိုးရွားစွာပြုမည်”ဟု ပြောဆိုကြ၏။ ထို့နောက် သူတို့သည် လောတကို ကြမ်းတမ်းစွာတွန်း၍ တံခါးကိုချိုးဖျက်ရန် ချဉ်းကပ်လာကြ၏။ 10 ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့ရှိရာအိမ်ထဲသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။ 11 ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။ 12 ကောင်းကင်တမန်တို့က လောတအား “ဤအရပ်တွင် သင်နှင့်သက်ဆိုင်သူ အခြားမည်သူရှိသေးသနည်း။ သင်၏သမက်၊ သင်၏သားသမီးများမှစ၍ မြို့ထဲ၌ရှိသော သင်နှင့်သက်ဆိုင်သူရှိသမျှတို့ကို ဤအရပ်မှခေါ်ထုတ်လော့။ 13 အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဤအရပ်ကို ဖျက်ဆီးတော့မည်။ အကြောင်းမူကား သူတို့၏အော်ဟစ်ငိုကြွေးသံသည် ထာဝရဘုရားရှေ့တော်တွင် ကျယ်လောင်လှသဖြင့် ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးရန် ငါတို့ကိုစေလွှတ်တော်မူပြီ”ဟု ဆိုကြ၏။ 14 လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။ 15 အရုဏ်ဦးအချိန်ရောက်သည်နှင့် ကောင်းကင်တမန်တို့သည် လောတကိုဆော်ဩလျက် “ထလော့၊ ဤနေရာ၌ရှိသော သင်၏မယားနှင့် သင်၏သမီးနှစ်ယောက်ကို ခေါ်ဆောင်သွားလော့။ သို့မဟုတ်လျှင် သင်သည် ဤမြို့အပေါ်ကျရောက်မည့်အပြစ်ဒဏ်နှင့်အတူ ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆိုလေ၏။ 16 သို့သော် လောတသည် တုံ့ဆိုင်းနေ၏။ ထာဝရဘုရားသည် သူ့ကိုသနားတော်မူသဖြင့် ကောင်းကင်တမန်တို့သည် သူနှင့် သူ့မယား၊ သူ့သမီးနှစ်ယောက်တို့၏လက်ကိုဆွဲ၍ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်လာ၏။ 17 ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။ 18 လောတကလည်း “အကျွန်ုပ်၏အရှင်တို့၊ ထိုသို့မဖြစ်ပါစေနှင့်။ 19 အရှင်၏အစေအပါးသည် အရှင်၏ရှေ့၌ မျက်နှာရပါပြီ။ အကျွန်ုပ်၏အသက်ကိုချမ်းသာပေးခြင်းအားဖြင့် အကျွန်ုပ်အားပြသော အရှင်၏မေတ္တာသည် ကြီးမားလှပါ၏။ သို့ရာတွင် အကျွန်ုပ်သည် တောင်ပေါ်သို့မပြေးနိုင်ပါ။ ဘေးအန္တရာယ်သည် အကျွန်ုပ်ကိုလိုက်မီ၍ သေရမည်ကိုစိုးရိမ်ပါ၏။ 20 ကြည့်ပါ။ ထိုမြို့သည် နီးပါ၏။ ပြေးသာပါ၏။ မြို့ငယ်လေးလည်း ဖြစ်ပါ၏။ ထိုအရပ်သို့ပြေးပါရစေ။ မြို့ငယ်လေးသာဖြစ်သောကြောင့် အကျွန်ုပ်အသက်ချမ်းသာရာရပါလိမ့်မည်”ဟု ဆို၏။ 21 ကောင်းကင်တမန်ကလည်း “သင်တောင်းဆိုသော ဤအချက်ကိုလည်း ငါလိုက်လျော၍ သင်ပြောသောမြို့ကို မဖြိုလှဲဘဲနေမည်။ 22 ထိုအရပ်သို့ အလျင်အမြန်ပြေးလော့။ အကြောင်းမူကား ထိုအရပ်သို့ သင်မရောက်မချင်း ငါသည် မည်သည့်အမှုကိုမျှပြု၍မရ”ဟု ဆို၏။ ဤအကြောင်းကြောင့် ထိုမြို့၏အမည်ကို ဇောရ ဟုခေါ်ကြ၏။ 23 လောတသည် ဇောရမြို့သို့ရောက်သောအခါ မြေကြီးပေါ်မှာ နေထွက်ပြီဖြစ်၏။ 24 ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။ 25 ဤသို့ဖြင့် ထိုမြို့များမှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံး၊ မြို့၌နေထိုင်သူအားလုံးနှင့် မြေပေါ်ရှိအပင်တို့ကို ဖြိုလှဲတော်မူ၏။ 26 နောက်မှလိုက်လာသော လောတ၏မယားမူကား နောက်လှည့်ကြည့်သဖြင့် ဆားတိုင်ဖြစ်သွားလေ၏။ 27 အာဗြဟံသည် နံနက်စောစောထ၍ ထာဝရဘုရား၏ရှေ့တော်၌ ရပ်ခဲ့သောအရပ်သို့ သွားပြီးလျှင် 28 သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။ 29 ထိုသို့ မြစ်ဝှမ်းရှိမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဘုရားသခင်သည် အာဗြဟံကိုအောက်မေ့တော်မူ၏။ သို့ဖြစ်၍ လောတနေသောမြို့များကို ဖြိုလှဲသောအခါ လောတကိုထိုဖြိုလှဲခြင်းထဲမှ လွှတ်ပေးတော်မူ၏။ မောဘလူမျိုးနှင့်အမ္မုန်လူမျိုးတို့၏မူလဇာစ်မြစ် 30 လောတသည် ဇောရမြို့၌နေထိုင်ရန်ကြောက်ရွံ့သဖြင့် ဇောရမြို့မှထွက်၍ မိမိသမီးနှစ်ယောက်တို့နှင့်အတူ တောင်ပေါ်မှာနေထိုင်လေ၏။ သူနှင့် သူ၏သမီးနှစ်ယောက်တို့သည် လိုဏ်ဂူထဲတွင် နေထိုင်ကြ၏။ 31 သမီးအကြီးက သမီးအငယ်အား “ငါတို့၏ဖခင်သည် အသက်ကြီးပြီ။ ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့၏ထုံးစံအတိုင်း ငါတို့ထံသို့ဝင်ရောက်မည့်ယောက်ျားလည်း ဤကမ္ဘာမြေကြီးပေါ်တွင်မရှိ။ 32 လာလော့။ ငါတို့ဖခင်ကိုစပျစ်ဝိုင်တိုက်၍ သူနှင့်အိပ်ပြီး ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။ 33 ထိုည၌ သူတို့သည် မိမိတို့ဖခင်ကို စပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအကြီးသည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။ 34 နောက်တစ်နေ့တွင် သမီးအကြီးက သမီးအငယ်အား “မနေ့ညက ငါသည် ဖခင်နှင့်အိပ်ပြီးပြီ။ ယနေ့ညလည်း သူ့ကိုစပျစ်ဝိုင်တိုက်ကြစို့။ သင်သည်ဝင်၍ သူနှင့်အိပ်ပါ။ ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။ 35 ထိုည၌လည်း သူတို့သည် မိမိတို့ဖခင်ကိုစပျစ်ဝိုင်တိုက်ပြီးလျှင် သမီးအငယ်သည်ဝင်၍ မိမိဖခင်နှင့်အိပ်လေ၏။ လောတသည် သမီးအိပ်ကြောင်းကိုလည်းကောင်း၊ ထကြောင်းကိုလည်းကောင်း မသိ။ 36 ထိုသို့ဖြင့် လောတ၏သမီးနှစ်ယောက်တို့သည် မိမိတို့ဖခင်အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။ 37 သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။ 38 သမီးငယ်သည်လည်း သားကိုမွေးဖွား၍ သူ၏အမည်ကို ဗင်အမ္မိ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် အမ္မုန်အမျိုးသားတို့၏ဖခင်ဖြစ်၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative