ကမ္ဘာဦး 15 - မြန်မာ့စံမီသမ္မာကျမ်းအာဗြံနှင့်ပဋိညာဉ်ဖွဲ့တော်မူခြင်း 1 ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။ 2 အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားသမီးမထွန်းကားဘဲနေရသဖြင့် ဒမတ်စကပ်မြို့သားဧလျေဇာသည် အကျွန်ုပ်၏အိမ်ကိုအမွေဆက်ခံသူဖြစ်ရပါ၏။ သို့ဖြစ်၍ အကျွန်ုပ်အား မည်သည့်အရာကိုပေးတော်မူမည်နည်း”ဟု လျှောက်လေ၏။ 3 တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။ 4 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံထံသို့ရောက်လာ၍ “ထိုသူသည် သင်၏အမွေခံမဖြစ်ရ။ သင့်ကိုယ်မှပေါက်ဖွားသောသူသာလျှင် သင်၏အမွေခံဖြစ်ရမည်”ဟု မိန့်တော်မူ၏။ 5 ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။ 6 အာဗြံသည် ထာဝရဘုရားကို ယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏။ 7 တစ်ဖန် ကိုယ်တော်က “ငါသည် သင့်အား ဤပြည်ကိုပေး၍ပိုင်ဆိုင်စေရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှ သင့်ကိုထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏”ဟု အာဗြံအား မိန့်တော်မူ၏။ 8 အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။ 9 ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။ 10 ထိုအခါ အာဗြံသည် ထာဝရဘုရားထံတော်သို့ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူခဲ့၍ ၎င်းတို့ကို ထက်ဝက်စီခြမ်းပြီးလျှင် တစ်ဖက်တစ်ချက်၌ ယှဉ်ထားလေ၏။ ငှက်တို့ကိုမူကား မခြမ်းဘဲထားလေ၏။ 11 အသားစားငှက်တို့သည် ထိုအသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ အာဗြံသည် ၎င်းတို့ကို မောင်းထုတ်လေ၏။ 12 နေဝင်သောအခါ အာဗြံသည် အိပ်မောကျ၍ ကြောက်ရွံ့ထိတ်လန့်ဖွယ်သောအမှောင်ထုကြီးသည် သူ့အပေါ်သို့ကျရောက်လေ၏။ 13 ထိုအခါ ထာဝရဘုရားက အာဗြံအား “သင်၏သားမြေးစဉ်ဆက်တို့သည် မိမိတို့မပိုင်သောပြည်၌ ဧည့်သည်ဖြစ်ရ၍ ထိုပြည်၌ ကျွန်ခံရကြမည်ဖြစ်ကြောင်းနှင့် ထိုပြည်သားတို့သည် သူတို့ကို အနှစ်လေးရာပတ်လုံး နှိပ်စက်ကြမည်ဖြစ်ကြောင်း အမှန်သိမှတ်လော့။ 14 သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။ 15 သင်မူကား သင်၏ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရမည်။ အိုမင်းရင့်ရော်ပြီးမှ သေဆုံး၍သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ 16 သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။ 17 နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။ 18 ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။ 19 ထိုပြည်မှာ ကေနိလူမျိုး၊ ကေနဇိလူမျိုး၊ ကာဒမောနိလူမျိုး၊ 20 ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ရေဖိမ်လူမျိုး၊ 21 အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative