ကမ္ဘာဦး 14 - မြန်မာ့စံမီသမ္မာကျမ်းလောတကို အာဗြံကယ်ခြင်း 1 ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီး၊ ဧလံဘုရင်ခေဒေါရလောမာမင်းကြီးနှင့် ဂေါအိမ်ဘုရင်တိဒလမင်းကြီးတို့အုပ်စိုးသောကာလ၌ 2 သူတို့သည် သောဒုံဘုရင်ဗေရမင်းကြီး၊ ဂေါမောရဘုရင်ဗိရရှမင်းကြီး၊ အာဒမာဘုရင်ရှိနပ်မင်းကြီး၊ ဇေဘိုင်ဘုရင်ရှေမဘာမင်းကြီး၊ ဗေလ(ဇောရ)ဘုရင်တို့နှင့် စစ်တိုက်ကြ၏။ 3 ဤဘုရင်ငါးပါးစလုံးသည် ဆားပင်လယ်တည်းဟူသော စိဒ္ဒိမ်ချိုင့်ဝှမ်း၌ မဟာမိတ်ဖွဲ့ကြ၏။ 4 ဤဘုရင်တို့သည် ခေဒေါရလောမာမင်းကြီးထံ တစ်ဆယ့်နှစ်နှစ်ကျွန်ခံပြီး တစ်ဆယ့်သုံးနှစ်မြောက်တွင် ပုန်ကန်ကြ၏။ 5 တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊ 6 စိရတောင်ပေါ်၌ ဟောရိလူမျိုးတို့ကိုလည်းကောင်း တိုက်ခိုက်ရာ တောကန္တာရအနီးရှိ ဧလပါရန်အရပ်တိုင်အောင်ရောက်လေ၏။ 7 ထို့နောက် သူတို့သည် ပြန်လှည့်လာ၍ ကာဒေရှတည်းဟူသော အင်မိရှပတ်အရပ်သို့ရောက်လာကြပြီးလျှင် အာမလက်လူမျိုး၏နယ်မြေတစ်ခုလုံးနှင့် ဟာဇဇုန္တာမာမြို့၌နေထိုင်သောအာမောရိလူမျိုးကို တိုက်ခိုက်ကြ၏။ 8 ထိုအခါ သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဒမာဘုရင်၊ ဇေဘိုင်ဘုရင်နှင့် ဗေလ(ဇောရ)ဘုရင်တို့သည် ချီတက်၍ သူတို့နှင့် စိဒ္ဒိမ်ချိုင့်ဝှမ်း၌စစ်ခင်းကြ၏။ 9 ထိုသို့ ဧလံဘုရင်ခေဒေါရလောမာမင်းကြီး၊ ဂေါအိမ်ဘုရင်တိဒလမင်းကြီး၊ ရှိနာဘုရင်အံရဖေလမင်းကြီး၊ ဧလာသာဘုရင်အာရုတ်မင်းကြီးဟူသော ဘုရင်လေးပါးတို့နှင့် ထိုဘုရင်ငါးပါးတို့သည် စစ်ခင်းကြ၏။ 10 စိဒ္ဒိမ်ချိုင့်ဝှမ်း၌ ကတ္တရာစေးတွင်းပေါများသဖြင့် သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည်ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျလေ၏။ ကျန်သောသူတို့သည် တောင်ပေါ်သို့ထွက်ပြေးကြ၏။ 11 ထိုအခါ အောင်ပွဲရဘုရင်တို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့မှဥစ္စာရှိသမျှ၊ အစားအစာရှိသမျှတို့ကိုသိမ်းယူ၍ ထွက်သွားကြ၏။ 12 သောဒုံမြို့၌နေထိုင်သော အာဗြံ၏တူလောတနှင့် သူ၏ဥစ္စာတို့ကိုလည်းသိမ်းယူ၍ ထွက်သွားကြ၏။ 13 လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။ 14 အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ 15 သူသည် ညအချိန်တွင် သူ၏အစေအပါးတို့ကိုလူစုခွဲ၍ ရန်သူတို့ကိုတိုက်ခိုက်ကာ ဒမတ်စကပ်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင် သူတို့ကိုလိုက်လေ၏။ 16 ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။ မေလခိဇေဒက်က အာဗြံကိုကောင်းချီးပေးခြင်း 17 ခေဒေါရလောမာမင်းကြီးမှစ၍ သူ၏မဟာမိတ်ဘုရင်တို့ကို လုပ်ကြံရာမှ အာဗြံပြန်လာသောအခါ သောဒုံဘုရင်သည် သူ့ကိုကြိုဆိုရန် ဘုရင့်ချိုင့်ဝှမ်းတည်းဟူသော ရှာဗက်ချိုင့်ဝှမ်းသို့ ထွက်လာ၏။ 18 ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ 19 သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။ 20 သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။ 21 သောဒုံဘုရင်က “လူတို့ကို ငါ့အားပြန်ပေးပါ။ ဥစ္စာတို့ကိုကား သင့်အဖို့ယူပါလော့”ဟု အာဗြံအားဆိုလေ၏။ 22 သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။ 23 ‘ငါသည် အာဗြံကိုချမ်းသာကြွယ်ဝစေပြီ’ဟု မင်းကြီးဆိုစရာမရှိစေရန် မင်းကြီးပိုင်ဆိုင်သောအရာအားလုံးထဲမှ အပ်ချည်တစ်မျှင်၊ သည်းကြိုးတစ်ချောင်းကိုမျှ အကျွန်ုပ်မယူပါ။ 24 ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative
Global Bible Initiative