Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 84 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဘုရားသခင်၏အိမ်တော်ကို မှန်းဆတမ်းတခြင်း
ဂီတမှူး​အတွက်​၊ “​ဂီတိ​” သံစဉ်​၊ ကောရ​သား​တို့​၏​ဆာလံ

1 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သည် နှစ်သက်ဖွယ်​ကောင်း​လှ​ပါ​၏​။

2 အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ထာဝရဘုရား​၏​တံတိုင်း​တော်​များ​ကို လွမ်းဆွတ်​၍ မူးမေ့​မတတ်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​၏​စိတ်နှလုံး​နှင့် အကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အသက်ရှင်​သော​ဘုရားသခင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​၏​။

3 အို ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​၊ အကျွန်ုပ်​၏​ဘုရားသခင်​၊ ကိုယ်တော်​၏​ယဇ်ပလ္လင်​အနီး​တွင် စာငှက်​ပင်လျှင် နေစရာ​အရပ်​ကို​လည်းကောင်း​၊ ပျံလွှားငှက်​ပင်လျှင် မိမိ​သားငယ်​မွေး​ရန် မိမိ​အသိုက်​ကို​လည်းကောင်း တွေ့ရှိ​ကြ​ပါ​၏​။

4 ကိုယ်တော်​၏​အိမ်​တော်​၌ နေထိုင်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​ပါ​လိမ့်မည်​။(​စေလာ)

5 ကိုယ်တော်​၌ အားယူ​သော​သူ​၊ ဇိအုန်​သို့​သွား​ရာ​လမ်း​ကို နှလုံး​သွင်း​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။

6 သူ​တို့​သည် ဗာကာ​ချိုင့်ဝှမ်း​ကို ဖြတ်သွား​ကြ​ရ​သော်လည်း ၎င်း​ကို စမ်းရေ​ထွက်​ရာ​အရပ်​ဖြစ်စေ​ပါ​၏​။ မိုးဦး​သည်​လည်း ထို​နေရာ​ကို ကောင်းချီးမင်္ဂလာ​များ​နှင့် ဖုံးလွှမ်း​ပေး​ပါ​၏​။

7 သူ​တို့​သည် ခွန်အားတိုး​သည်​ထက်​တိုးလာ​လျက်​၊ သွား​ကြ​လျက် ဇိအုန်​၌​ရှိ​တော်မူ​သော​ဘုရားသခင်​ကို ဖူးမြင်​ရ​ကြ​ပါ​လိမ့်မည်​။

8 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို နားညောင်း​တော်မူ​ပါ​။ အို ယာကုပ်​၏​ဘုရားသခင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။(​စေလာ)

9 အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ကို​ကြည့်ရှု​တော်မူ​ပါ​။ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​၏​မျက်နှာ​ကို စေ့စေ့ကြည့်​တော်မူ​ပါ​။

10 အကယ်စင်စစ် ကိုယ်တော်​၏​တံတိုင်း​တော်​များ​အတွင်း​၌ တစ်ရက်​နေ​ရ​ခြင်း​သည် အခြား​သော​အရပ်​၌ ရက်​တစ်ထောင်​နေ​ရ​ခြင်း​ထက် ပို၍​ကောင်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​၏​တဲ​တွင်​နေ​ရ​ခြင်း​ထက် အကျွန်ုပ်​ဘုရားသခင်​၏​အိမ်​တော်​၌ တံခါးစောင့်​ဖြစ်​ရ​ခြင်း​ကို အကျွန်ုပ်​ပို၍​နှစ်သက်​ပါ​၏​။

11 အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။

12 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို ယုံကြည်ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ