Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ဆာလံကျမ်း 132 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဒါဝိဒ်နှင့်ဇိအုန်ကို ရွေးချယ်တော်မူခြင်း
အတက်လမ်း​သီချင်း

1 အို ထာဝရဘုရား​၊ ဒါဝိဒ်​ကို​လည်းကောင်း​၊ သူ​ခံ​ခဲ့​ရ​သော​နှိပ်စက်​ခြင်း​အပေါင်း​တို့​ကို​လည်းကောင်း​၊

2 သူ​သည် ထာဝရဘုရား​ကို​တိုင်တည်​၍ မည်သို့​ကျိန်ဆို​ခဲ့​သည်​ကို​လည်းကောင်း​၊ ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင်​ကို မည်သို့​ကတိသစ္စာ​ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​။

3-5 သူ​က “​အကျွန်ုပ်​သည် ထာဝရဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​တည်းဟူသော ယာကုပ်​အမျိုး​၏​တန်ခိုးကြီး​သော​အရှင် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို မ​တွေ့​ရ​မ​ချင်း ကိုယ့်​နေရာ​အိမ်​သို့​မ​ပြန်​၊ ကိုယ့်​အိပ်ရာ​ခုတင်​ပေါ်သို့​မ​တက်​၊ ကိုယ့်​မျက်စိ​ကို​အိပ်​ခွင့်​၊ ကိုယ့်​မျက်လွှာ​ကို​ပိတ်​ခွင့်​မ​ပေး​ဘဲ​နေ​မည်​”​ဟု ကျိန်ဆို​၍​ကတိသစ္စာ​ပြု​ခဲ့​ပါ​၏​။

6 ကြည့်ရှု​လော့​။ ဤ​အရာ​ကို ဧဖရတ်​အရပ်​တွင် ငါ​တို့​ကြား​၍ ယာအာ​တော​ထဲတွင် တွေ့​ခဲ့​ကြ​ပြီ​။

7 ကိုယ်တော်​ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​သို့ သွား​ကြ​ကုန်စို့​။ ကိုယ်တော်​၏​ခြေတင်ခုံ​ရှေ့​၌ ပျပ်ဝပ်​ကြ​ကုန်စို့​။

8 အို ထာဝရဘုရား​၊ ထ​တော်မူ​၍ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော သေတ္တာ​တော်​နှင့်အတူ ကိုယ်တော်​၏​ငြိမ်ဝပ်​ရာ​အရပ်​သို့ ကြွ​တော်မူ​ပါ​။

9 ကိုယ်တော်​၏​ယဇ်ပုရောဟိတ်​တို့​သည် ဖြောင့်မတ်​ခြင်း​ကို​ဝတ်ဆင်​ရ​ကြ​ပါစေသော​။ ကိုယ်တော်​၏​သန့်ရှင်း​သူ​တို့​သည်​လည်း ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​ပါစေသော​။

10 ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​၏​မျက်နှာ​ကို​ထောက်၍ ကိုယ်တော်​ဘိသိက်ပေး​ထား​သော​သူ​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။

11 ထာဝရဘုရား​သည် ဒါဝိဒ်​အား သစ္စာ​နှင့်​ကျိန်ဆို​ပြီး ပြန်လည်​ရုပ်သိမ်း​တော်မူ​မည်​မ​ဟုတ်​သော​စကား​မှာ “​ငါ​သည် သင်​မှ​ပေါက်ဖွား​သော​ရင်သွေး​တစ်ဦး​ကို သင်​၏​ရာဇပလ္လင်​ပေါ်​ထိုင်​စေ​မည်​။

12 သင်​၏​သား​တို့​သည် ငါ​၏​ပဋိညာဉ်​နှင့် သူ​တို့​အား ငါ​သင်ကြား​ပေး​သော ငါ​၏​သက်သေခံချက်​တို့​ကို စောင့်ထိန်း​ကြ​လျှင် သူ​တို့​၏​သား​များ​သည်​လည်း သင်​၏​ရာဇပလ္လင်​ပေါ် အစဉ်အမြဲ​ထိုင်​ရ​ကြ​လိမ့်မည်​”​ဟူ၍​ဖြစ်​၏​။

13 အကြောင်းမူကား ထာဝရဘုရား​သည် ဇိအုန်​ကို​ရွေးချယ်​ပြီး မိမိ​၏​ကိန်းဝပ်​ရာ​အရပ် ဖြစ်​စေရန် အလိုရှိ​တော်မူ​ပြီ​။

14 “​ထို​အရပ်​သည် ငါ​၏​ငြိမ်ဝပ်​ရာ​အရပ် အစဉ်​ဖြစ်​၏​။ ထို​အရပ်​ကို ငါ​နှစ်သက်​သည်​ဖြစ်၍ ထို​အရပ်​၌ ငါ​ကိန်းဝပ်​မည်​။

15 ထို​အရပ်​ကို ကောင်းချီးပေး​မည်​။ စားနပ်ရိက္ခာ​ပေါများ​စေ​မည်​။ နွမ်းပါး​သော​သူ​တို့​ကို အစားအစာ​နှင့် ဝပြော​စေ​မည်​။

16 ထို​အရပ်​ရှိ ယဇ်ပုရောဟိတ်​တို့​ကို ကယ်တင်​ခြင်း​ဖြင့် ငါ​လွှမ်းခြုံ​မည်​။ ထို​အရပ်​မှ သန့်ရှင်း​သူ​တို့​သည် ရွှင်လန်း​စွာ​ကြွေးကြော်​လျက်​သီချင်းဆို​ကြ​လိမ့်မည်​။

17 ထို​အရပ်​၌ ဒါဝိဒ်​အတွက် ဦးချို​ကို ငါ​ပေါက်​စေ​မည်​။ ငါ​ဘိသိက်ပေး​ထား​သော​သူ​အတွက် မီးခွက်​ကို ငါ​ပြင်ဆင်​ပြီ​။

18 ငါ​သည် သူ​၏​ရန်သူ​တို့​အား အရှက်ကွဲ​ခြင်း​ကို​ဝတ်ဆင်​စေ​မည်​။ သူ့​အပေါ်​၌​မူကား သူ​၏​ဘုန်းသရဖူ​သည် ပွင့်လန်း​တောက်ပ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ