ဆာလံကျမ်း 129 - မြန်မာ့စံမီသမ္မာကျမ်ဖိစီးနှိပ်စက်ခြင်းခံရသောသူ၏ဆုတောင်းချက် အတက်လမ်းသီချင်း 1 “ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကို များစွာညှဉ်းပန်းနှိပ်စက်ကြ၏”ဟု အစ္စရေးအမျိုးတို့သည် ဆိုကြပါစေ။ 2 ငါငယ်ရွယ်စဉ်ကပင် သူတို့သည် ငါ့ကိုများစွာညှဉ်းပန်းနှိပ်စက်ကြ၏။ သို့သော် ငါ့ကိုအနိုင်မရကြ။ 3 ထွန်ယက်သောသူတို့သည် ငါ၏ကျောကုန်းပေါ်မှာ ရှည်လျားသောထွန်ကြောင်းများကို ထွန်ကြ၏။ 4 သို့သော် ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ကိုယ်တော်သည် ဆိုးယုတ်သောသူတို့၏ကြိုးများကို အပိုင်းပိုင်းဖြတ်တော်မူ၏။ 5 ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။ 6 သူတို့သည် အပင်မကြီးမီခြောက်သွေ့သွားသည့် အိမ်ခေါင်မိုးပေါ်မှမြက်ပင်ကဲ့သို့ ဖြစ်ကြပါစေ။ 7 ထိုမြက်ပင်သည် ရိတ်သောသူအတွက် လက်တစ်ဆုပ်စာမျှမရှိ။ စည်းသောသူအတွက်လည်း လက်တစ်ပွေ့စာမျှမရှိ။ 8 ဖြတ်သွားသောသူတို့ကလည်း “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် သင်တို့အပေါ်၌ရှိပါစေ။ ငါတို့သည် ထာဝရဘုရား၏နာမတော်၌ သင်တို့ကို ကောင်းချီးပေးကြ၏”ဟုလည်း မပြောဆိုကြချေ။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative