ဆာလံကျမ်း 122 - မြန်မာ့စံမီသမ္မာကျမ်ဂျေရုဆလင်အတွက် ဆုတောင်းခြင်း ဒါဝိဒ်၏အတက်လမ်းသီချင်း 1 “ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်စို့”ဟု ငါ့ကိုပြောကြသောအခါ ငါသည် ဝမ်းမြောက်၏။ 2 အို ဂျေရုဆလင်မြို့၊ ငါတို့၏ခြေသည် သင်၏တံခါးတို့အတွင်း၌ ရပ်နေကြ၏။ 3 ဂျေရုဆလင်မြို့ကို ကျစ်လျစ်စုစည်းသောမြို့အဖြစ် တည်ဆောက်ထား၏။ 4 လူမျိုးစုတည်းဟူသော ထာဝရဘုရား၏လူမျိုးစုတို့သည် အစ္စရေးအမျိုး၌ထားရှိတော်မူသော သက်သေခံချက်နှင့်အညီ ထာဝရဘုရား၏နာမတော်ကိုချီးမွမ်းရန် ထိုအရပ်သို့တက်သွားကြ၏။ 5 အကြောင်းမူကား ထိုအရပ်၌ တရားစီရင်ရာပလ္လင်များတည်းဟူသော ဒါဝိဒ်အမျိုးအနွယ်၏ပလ္လင်များရှိ၏။ 6-7 “သင့်ကိုမြတ်နိုးသောသူတို့သည် ကောင်းစားကြပါစေသော။ သင်၏တံတိုင်းအတွင်း၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေသော။ သင်၏ခံတပ်များအတွင်း၌ လုံခြုံစိတ်ချမှုရှိပါစေသော”ဟု ဂျေရုဆလင်မြို့၏ငြိမ်းချမ်းသာယာခြင်းအတွက် ဆုတောင်းကြလော့။ 8 ငါ၏ညီအစ်ကိုများနှင့် ငါ၏မိတ်ဆွေများကို ထောက်ထား၍ “သင့်အထဲ၌ ငြိမ်းချမ်းမှုရှိပါစေသော”ဟု ငါဆိုမည်။ 9 ငါတို့၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကိုထောက်ထား၍ သင်၏ကောင်းကျိုးချမ်းသာကို ငါရှာမည်။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative