Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

တော​လည်ရာ 30 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ကတိသစ္စာနှင့်ဆိုင်သော စီရင်ထုံးဖွဲ့ချက်များ

1 မောရှေ​က အစ္စရေး​အမျိုးသား​တို့​၏​အမျိုးအနွယ်​အကြီးအမှူး​တို့​အား “​ထာဝရဘုရား​မိန့်​တော်မူ​သော​အရာ​ကား ဤသို့​တည်း​။

2 ယောက်ျား​တစ်​ယောက်​သည် ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​ခြင်း​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ သူ​သည် မိမိ​စကား​ကို​မ​ဖျက်​ရ​။ မိမိ​နှုတ်​ထွက်​သမျှ​အတိုင်း ပြု​ရ​မည်​။

3 မိန်းမ​တစ်​ယောက်​သည် ငယ်ရွယ်​စဉ် မိမိ​ဖခင်​အိမ်​၌ ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ

4 ထို​ကတိသစ္စာ​ပြု​ခြင်း​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ခြင်း​ကို သူ​၏​ဖခင်​ကြား​သော်လည်း ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။

5 သူ​၏​ဖခင် ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​လျှင်​မူကား သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး မ​တည်​ရ​။ သူ​၏​ဖခင် သူ့​ကို​ဟန့်တား​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။

6 ထို​မိန်းမ​သည် ယောက်ျား​ရ​ပြီးမှ ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ စကား​ကို​အလျင်စလို​ပြော​၍ မိမိကိုယ်မိမိ ချည်နှောင်​လျှင်​ဖြစ်စေ

7 သူ​၏​ယောက်ျား​ကြား​သော်လည်း ကြား​သော​နေ့​၌ သူ့​အား ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​သည် တည်​လိမ့်မည်​။

8 သူ​၏​ယောက်ျား ကြား​သော​နေ့​၌ သူ့​ကို​ဟန့်တား​၍ သူ​ပြု​ထား​သော​ကတိသစ္စာ​နှင့် အလျင်စလို​ပြော​သော​စကား​ဖြင့် မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​တို့​ကို ပယ်ဖျက်​လျှင်​မူကား ထာဝရဘုရား​သည် ထို​မိန်းမ​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။

9 မုဆိုးမ​ဖြစ်စေ​၊ ကွာရှင်း​ထား​သော​မိန်းမ​ဖြစ်စေ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိသစ္စာ​အားလုံး​သည် သူ​၌ တည်​လိမ့်မည်​။

10 မိမိ​ယောက်ျား​၏​အိမ်​၌​နေ​စဉ် ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​၍ မိမိကိုယ်မိမိ ကတိစကား​ဖြင့်​ချည်နှောင်​လျှင်​ဖြစ်စေ

11 သူ​၏​ယောက်ျား ကြား​သော်လည်း သူ့​အား ဘာမျှ​မ​ပြော​၊ ဘာမျှ​မ​ဟန့်တား​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။

12 သူ​၏​ယောက်ျား ကြား​သော​နေ့​၌ ဧကန်​ပယ်ဖျက်​လျှင်​မူကား သူ​၏​ကတိသစ္စာ​များ​ဖြစ်စေ​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​များ​ဖြစ်စေ သူ​၏​နှုတ်​မှ​ထွက်​သော​စကား​အားလုံး မ​တည်​ရ​။ သူ​၏​ယောက်ျား ပယ်ဖျက်​ပြီ​ဖြစ်​သောကြောင့် ထာဝရဘုရား​သည် သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်​။

13 ကတိသစ္စာ​အားလုံး​ကို​ဖြစ်စေ​၊ မိမိ​စိတ်ဆန္ဒ​ကို​ငြင်းပယ်​ပြီး ကျိန်ဆို​သော​ကတိစကား​အားလုံး​ကို​ဖြစ်စေ သူ​၏​ယောက်ျား​သည် တည်​စေ​ခွင့်​၊ ပယ်ဖျက်​ခွင့်​ရှိ​၏​။

14 သူ​၏​ယောက်ျား​သည် ကြား​သော​နေ့​မှစ၍ နောက်နေ့​များ​တွင်​လည်း သူ့​အား ဘာဆို​ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် ထို​ယောက်ျား​သည် မယား​ပြု​သော​ကတိသစ္စာ​အားလုံး​၊ ဝန်ခံချက်​အားလုံး​ကို တည်​စေ​ရာ​ရောက်​၏​။

15 ထို​ယောက်ျား​သည် ကြား​သော​နေ့​လွန်ပြီးမှ ဧကန်​ပယ်ဖျက်​လျှင် မယား​၏​ဒုစရိုက်​ကို တာဝန်ယူ​ရ​မည်​”​ဟု ဆို​လေ​၏​။

16 ဤသည်ကား လင်​နှင့်​မယား​အကြား​၊ ဖခင်​နှင့်​ငယ်ရွယ်​စဉ်​ဖခင်​အိမ်​၌​နေ​သော​သမီး​အကြား မောရှေ​အား ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပြဋ္ဌာန်းချက်​များ​ဖြစ်​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ