Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

တော​လည်ရာ 28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ပူဇော်သက္ကာအမျိုးမျိုး

1 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

2 “အစ္စရေး​အမျိုးသား​တို့​ကို မိန့်မှာ​လော့​။ ‘​ငါ့​အဖို့ ပူဇော်သက္ကာ​၊ ငါ့​အဖို့​မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို သတ်မှတ်​ထား​သော​အချိန်​၌ ပူဇော်​ရန် သတိပြု​ရ​မည်​’​ဟု သူ​တို့​အား ဆင့်ဆို​လော့​။


နေ့စဉ်ပူဇော်ရမည့်ပူဇော်သက္ကာများ

3 တစ်ဖန် သူ​တို့​အား ‘ထာဝရဘုရား​ထံ မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကား အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​သိုးသငယ်​နှစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် နေ့စဉ်​မပြတ်​ပူဇော်​ရ​မည်​။

4 သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​တွင် ပူဇော်​၍ နောက်​သိုးသငယ်​တစ်​ကောင်​ကို နေဝင်ချိန်​တွင် ပူဇော်​ရ​မည်​။

5 ထောင်းယူ​သော​သံလွင်ဆီ​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​နှင့်​ရော​ထား​သည့် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။

6 ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် သိနာ​တောင်​ပေါ်တွင်​စီရင်​ခဲ့​သော မီး​ဖြင့်​ပူဇော်​သည့် ပုံမှန်​မီးရှို့ရာယဇ်​ဖြစ်​၏​။

7 သွန်းလောင်းရာပူဇော်သက္ကာ​အတွက် သိုးသငယ်​တစ်​ကောင်​နှင့်အတူ စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ထာဝရဘုရား​အဖို့ သန့်ရှင်းရာဌာန​၌ သွန်းလောင်း​ရ​မည်​။

8 နောက်​သိုးသငယ်​တစ်​ကောင်​ကို နံနက်အချိန်​ဘောဇဉ်ပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း​၊ သွန်းလောင်းရာပူဇော်သက္ကာ​ကဲ့သို့​လည်းကောင်း ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​အဖြစ် နေဝင်ချိန်​၌ ပူဇော်​ရ​မည်​။


ဥပုသ်နေ့၌ ပူဇော်ရမည့်ပူဇော်သက္ကာများ

9 ဥပုသ်နေ့​၌​လည်း အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ် သိုးသငယ်​နှစ်​ကောင်​ကို​လည်းကောင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့် တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို​လည်းကောင်း​၊ သိုးသငယ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​ကို​လည်းကောင်း ပူဇော်​ရ​မည်​။

10 ဤသည်ကား ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ဥပုသ်နေ့​တိုင်း​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။


လစဉ်ပူဇော်ရမည့်ပူဇော်သက္ကာများ

11 လဆန်း​တစ်ရက်နေ့​တိုင်း အပြစ်အနာအဆာကင်း​သည့် နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။

12 နွား​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊

13 သိုးသငယ်​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​အဖြစ် မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​ဖြစ်​၏​။

14 နွားထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​တစ်ဝက်​၊ သိုးထီး​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​သုံးပုံတစ်ပုံ​၊ သိုးသငယ်​တစ်​ကောင်​လျှင် စပျစ်ဝိုင်​တစ်​ဟိန်​၏​လေးပုံတစ်ပုံ​ကို သွန်းလောင်းရာပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။ ဤသည်ကား တစ်နှစ်ပတ်လုံး လဆန်း​တစ်ရက်နေ့​တိုင်း လစဉ်​ပူဇော်​ရ​သော​မီးရှို့ရာယဇ်​ဖြစ်​၏​။

15 ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


ပသခါပွဲတော်၌ ပူဇော်ရမည့်ပူဇော်သက္ကာများ

16 ပထမ​လ​၊ တစ်ဆယ့်လေး​ရက်​နေ့​သည် ထာဝရဘုရား​၏​ပသခါပွဲတော်​ဖြစ်​၏​။

17 ဤ​လ​တစ်ဆယ့်ငါး​ရက်​နေ့​၌​လည်း ပွဲတော်​ကျင်းပ​ရ​မည်​။ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။

18 ပထမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို​ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။

19 အပြစ်အနာအဆာကင်း​သော နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို မီး​ဖြင့်​ပူဇော်​သော မီးရှို့ရာယဇ်​အဖြစ် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။

20 နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​ကို ပူဇော်​ရ​မည်​။

21 သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။

22 သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း အပြစ်ဖြေရာယဇ်​အဖြစ် ပူဇော်​ရ​မည်​။

23 ပုံမှန်​မီးရှို့ရာယဇ်​ဖြစ်​သည့် နံနက်အချိန်​မီးရှို့ရာယဇ်​အပြင် ထို​ယဇ်​တို့​ကို ပူဇော်​ရ​မည်​။

24 ထိုနည်းတူ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​စားဖွယ်ရာ​ကို ခုနစ်​ရက်​ပတ်လုံး နေ့စဉ်​ပူဇော်​ရ​မည်​။

25 ခုနစ်​ရက်​မြောက်​သော​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ မ​လုပ်​ရ​။


ခုနစ်သီတင်းမြောက်ပွဲတော်တွင် ပူဇော်ရမည့်ပူဇော်သက္ကာများ

26 ခုနစ်သီတင်း​မြောက်​ပွဲတော်​တွင် အဦးဆုံးသီးနှံ​ပူဇော်​သော​နေ့​၌ ထာဝရဘုရား​အဖို့ သီးနှံ​အသစ်​ပူဇော်သက္ကာ​ကို ပူဇော်​သောအခါ သင်​တို့​သည် သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြု​ရ​မည်​။ မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။

27 ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီးရှို့ရာယဇ်​အဖြစ် နွားထီး​ပျို​နှစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​ခုနစ်​ကောင်​ကို ပူဇော်​ရ​မည်​။

28 နွားထီး​တစ်​ကောင်​လျှင် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံသုံးပုံ​၊ သိုးထီး​တစ်​ကောင်​လျှင် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံနှစ်ပုံ​၊

29 သိုးသငယ်​ခုနစ်​ကောင်​တွင် တစ်​ကောင်​လျှင် အကောင်းဆုံး​ဂျုံမှုန့်​တစ်​ဧဖာ​၏​ဆယ်ပုံတစ်ပုံ​ကို ဘောဇဉ်ပူဇော်သက္ကာ​အဖြစ် ပူဇော်​ရ​မည်​။

30 သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ဆိတ်ထီးကလေး​တစ်​ကောင်​ကို​လည်း ပူဇော်​ရ​မည်​။

31 ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​အပြင် အပြစ်အနာအဆာကင်း​သော​ယဇ်ကောင်​များ​နှင့် ထို​ယဇ်ကောင်​များ​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​တို့​ကို ပူဇော်​ရ​မည်​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ