ဝတ်ပြု 1 - မြန်မာ့စံမီသမ္မာကျမ်မီးရှို့ရာယဇ် 1 ထာဝရဘုရားသည် မောရှေအား တွေ့ဆုံစည်းဝေးရာတဲတော်မှ ခေါ်၍ 2 “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့တွင် တစ်စုံတစ်ယောက်သည် ထာဝရဘုရားထံ ပူဇော်သက္ကာကို တိရစ္ဆာန်ထဲမှပူဇော်လိုလျှင် နွားကိုဖြစ်စေ၊ သိုးဆိတ်ကိုဖြစ်စေ ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ 3 သူသည် နွားကို မီးရှို့ရာယဇ်အဖြစ်ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောနွားထီးကို ပူဇော်ရမည်။ ထာဝရဘုရား လက်ခံတော်မူမည့်အကြောင်း ထိုနွားကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ ပူဇော်ရမည်။ 4 သူ့လက်ကို မီးရှို့ရာယဇ်ကောင်၏ခေါင်းပေါ်၌ တင်သောအခါ ထိုယဇ်ကို သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းယဇ်အဖြစ် လက်ခံတော်မူလိမ့်မည်။ 5 သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။ 6 သူသည် မီးရှို့ရာယဇ်ကောင်ကို အရေဆုတ်ပြီး ထိုယဇ်ကောင်ကို အပိုင်းပိုင်းခုတ်ဖြတ်ရမည်။ 7 ယဇ်ပုရောဟိတ်အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်၌မီးထည့်၍ မီးပေါ်တွင် ထင်းများကို စီထားရမည်။ 8 အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့်ထင်းများပေါ်၌ ခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို စီထားရမည်။ 9 သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။ 10 သူသည် သိုးဆိတ်များထဲမှ သိုးကိုဖြစ်စေ၊ ဆိတ်ကိုဖြစ်စေ မီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသောအထီးကို ပူဇော်ရမည်။ 11 ယဇ်ကောင်ကို ယဇ်ပလ္လင်၏မြောက်ဘက်ခြမ်း ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် ယဇ်ကောင်၏သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။ 12 သူသည် ယဇ်ကောင်ကိုအပိုင်းပိုင်းခုတ်ဖြတ်ရမည်။ ယဇ်ပုရာဟိတ်သည် ထိုခုတ်ဖြတ်ထားသောအပိုင်းများနှင့်အတူ ဦးခေါင်းနှင့်အဆီတို့ကို ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ စီထားရမည်။ 13 သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။ 14 သူသည် ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်လိုလျှင် ချိုးငှက်ကိုဖြစ်စေ၊ ခိုငယ်ကိုဖြစ်စေ ပူဇော်ရမည်။ 15 ယဇ်ပုရောဟိတ်သည် ငှက်ကို ယဇ်ပလ္လင်သို့ယူဆောင်လာ၍ ခေါင်းကိုလိမ်ချိုးပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ငှက်၏သွေးကို ယဇ်ပလ္လင်၏နံရံပေါ် ညှစ်ချရမည်။ 16 သူသည် စလုတ်နှင့်အမွေးကို ဖယ်ရှား၍ ၎င်းတို့ကို ယဇ်ပလ္လင်၏အရှေ့ဘက်နားရှိ ပြာပုံ၌ ပစ်လိုက်ရမည်။ 17 ငှက်ကို အတောင်ပံမှ ဆွဲဖြဲရမည်။ နှစ်ပိုင်းမပြတ်စေရ။ ယဇ်ပုရောဟိတ်သည် ၎င်းကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative