ယောရှု 16 - မြန်မာ့စံမီသမ္မာကျမ်ယောသပ်အမျိုးအနွယ်တို့ရသောအမွေမြေ 1 ယောသပ်အမျိုးသားတို့ မဲချ၍ရရှိသောအမွေမြေမှာ ဂျေရိခေါစမ်းရေတွင်းအရှေ့ဘက် ဂျေရိခေါမြို့အနီးရှိ ဂျော်ဒန်မြစ်မှ ကန္တာရတစ်လျှောက်ကိုဖြတ်၍ ဂျေရိခေါမြို့မှ ဗေသလတောင်ပေါ်ဒေသသို့တက်သွား၏။ 2 ဗေသလမြို့မှ လုဇမြို့သို့ရောက်၏။ ထိုမှ အာခိလူမျိုးတို့၏နယ်မြေ အတရုတ်မြို့ကိုဖြတ်ပြီး 3 အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။ 4 ဤသည်ကား ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ ရရှိသောအမွေမြေဖြစ်သတည်း။ ဧဖရိမ်အမျိုးအနွယ်တို့ရသောအမွေမြေ 5 ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။ 6 ထိုနယ်နိမိတ်သည် ပင်လယ်ဘက်သို့ရောက်၍ မြောက်ဘက်မိတ်မေသမြို့အထိရောက်၏။ ထိုမှ အရှေ့ဘက်တာနတ်ရှိလောမြို့သို့ ကွေ့သွားကာ အရှေ့ဘက် ယာနောမြို့သို့ ရောက်၏။ 7 ယာနောမြို့မှ အတရုတ်မြို့၊ နာရမြို့တို့ဘက်သို့ ဆင်းသွားပြီး ဂျေရိခေါမြို့သို့ရောက်၍ ဂျော်ဒန်မြစ်၌ ဆုံးလေ၏။ 8 ထိုနယ်နိမိတ်သည် တာပွာမြို့မှ အနောက်ဘက်ကာနချိုင့်ဝှမ်းသို့ ဆက်သွားပြီး ပင်လယ်၌ ဆုံး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဧဖရိမ်အမျိုးအနွယ်ရရှိသောအမွေမြေဖြစ်၏။ 9 ဤသည်ကား မနာရှေအမျိုးသားတို့ရရှိသောအမွေမြေထဲမှ ဧဖရိမ်အမျိုးသားတို့အားခွဲပေးသော မြို့ရွာများ ဖြစ်၏။ 10 ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ ယနေ့တိုင်အောင် ခါနာန်လူမျိုးတို့နှင့်အတူနေထိုင်ကြ၏။ သို့သော် သူတို့ကို အလုပ်ကြမ်းလုပ်စေ၏။ |
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative
Global Bible Initiative