Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ယေ​ဇ​ကျေ​လ 10 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ထာဝရဘုရား၏ဘုန်းတော် ဗိမာန်တော်မှထွက်သွားခြင်း

1 ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဦးခေါင်း​အထက်​မိုးမျက်နှာကြက်​တွင် နီလာရောင်​အဆင်းသဏ္ဌာန်​ပလ္လင်​နှင့်​တူ​သော​အရာ​တစ်​ခု ပေါ်လာ​သည်​ကို တွေ့​ရ​၏​။

2 ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ်​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လိုက်​ပါ​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။

3 ခေရုဗိမ်​တို့​သည် အိမ်​တော်​တောင်ဘက်​တွင် ရပ်​နေ​၏​။ ထို​သူ​ဝင်သွား​သောအခါ အတွင်း​ဝင်း​တစ်ခုလုံး မိုးတိမ်​များ​လွှမ်းခြုံ​သွား​၏​။

4 ထာဝရဘုရား​၏​ဘုန်း​တော်​သည် ခေရုဗိမ်​အထက်​မှ အိမ်​တော်​တံခါးခုံ​သို့ ရွေ့သွား​လျှင် အိမ်​တော်​တစ်ခုလုံး မိုးတိမ်​များ​လွှမ်းခြုံ​သွား​၏​။ ဝင်း​တစ်ခုလုံး​သည်​လည်း ထာဝရဘုရား​၏​ဘုန်း​တော်​ရောင်ခြည်​နှင့် ထွန်းတောက်​လေ​၏​။

5 ထိုအခါ ခေရုဗိမ်​တို့​၏​တောင်ပံခတ်သံ​ကို အနန္တတန်ခိုးရှင်​ဘုရားသခင် မိန့်မြွက်​တော်မူ​သော​စကားသံ​ကဲ့သို့ အပြင်​ဝင်း​တိုင်အောင် ကြား​ရ​၏​။

6 တစ်ဖန် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ဘီး​များ​၊ ခေရုဗိမ်​များ​အလယ်​ရှိ မီးခဲ​ကို​ယူ​လော့​”​ဟု မိန့်​တော်မူ​လျှင် ထို​သူ​လည်း ဝင်သွား​ပြီး ဘီး​အနား​တွင် ရပ်​နေ​၏​။

7 ခေရုဗိမ်​တို့​ထဲမှ ခေရုဗိမ်​တစ်​ပါး​က ခေရုဗိမ်​များ​အလယ်​ရှိ​မီးခဲ​ကို​လှမ်း​ယူ​ပြီး ပိတ်ချောထည်​ဝတ်​ထား​သူ​၏​လက်​ထဲသို့ ထည့်ပေး​သောအခါ သူ​လည်း ယူ​၍​ထွက်သွား​၏​။

8 ခေရုဗိမ်​တို့​၏​အတောင်ပံ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​သည်​ကို တွေ့​ရ​၏​။

9 ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဘေး​တွင် ဘီး​လေး​ဘီး​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​၏​ဘေး​တွင် ဘီး​တစ်​ဘီး​စီ​ရှိ​ပြီး ဘီး​များ​သည် ကျောက်မျက်ရွဲ​အရောင်​ကဲ့သို့ တောက်ပ​နေ​၏​။

10 ဘီး​လေး​ခု​တို့​မှာ တစ်ပုံစံတည်း​ဖြစ်၍ ဘီး​တစ်​ခု​တွင် နောက်​ဘီး​တစ်​ခု​ကို ကန့်လန့်ဖြတ်​ထည့်​ထား​သည့်​ပုံစံမျိုး​ဖြစ်​၏​။

11 သွား​သောအခါ ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ ခေရုဗိမ်​တို့ မျက်နှာမူ​ရာ​လေးဘက်လေးတန်​သို့ သွား​၏​။ မျက်နှာ​တစ်ဖက်​၏​ဦးဆောင်​သွား​ရာ​ဘက်​သို့ ဟိုဘက်​သည်ဘက်​မ​ကွေ့​ဘဲ လိုက်သွား​၏​။

12 ခေရုဗိမ်​လေး​ပါး​ရှိ ဘီး​များ​နှင့်တကွ ခေရုဗိမ်​တို့​၏​ကျော​၊ လက်​များ​၊ တောင်ပံ​များ​နှင့် တစ်ကိုယ်လုံး​တွင် မျက်စိ​အပြည့်​ပါရှိ​၏​။

13 ဘီး​များ​ကို “​ဘီးစကြာ​”​ဟု ခေါ်ဆို​သည်​ကို ငါ​ကြား​၏​။

14 ခေရုဗိမ်​တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​စီ​ပါရှိ​၏​။ ပထမ​မျက်နှာ​သည် ခေရုဗိမ်​မျက်နှာ​၊ ဒုတိယ​မျက်နှာ​သည် လူ​မျက်နှာ​၊ တတိယ​မျက်နှာ​သည် ခြင်္သေ့​မျက်နှာ​၊ စတုတ္ထ​မျက်နှာ​သည် လင်းယုန်​မျက်နှာ​ဖြစ်​၏​။

15 ခေရုဗိမ်​တို့ ကြွတက်​သွား​ကြ​၏​။ ထို​ခေရုဗိမ်​တို့​သည် ခေဗာ​မြစ်​နား​တွင် ငါ​တွေ့​ခဲ့​သော​သတ္တဝါ​များ​ပင် ဖြစ်​၏​။

16 ထိုသို့ ခေရုဗိမ်​တို့ သွား​သောအခါ ဘီး​တို့​သည်​လည်း သူ​တို့​၏​ဘေး​မှ လိုက်​ကြ​၏​။ ခေရုဗိမ်​တို့​အတောင်ပံ​ဖြန့်​၍ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​သည်​လည်း ထက်ကြပ်မကွာ​လိုက်​ကြ​၏​။

17 သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။

18 တစ်ဖန် ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် အိမ်​တော်​တံခါးခုံ​မှ​ခွာသွား​၍ ခေရုဗိမ်​အထက်​၌ တည်​နေ​၏​။

19 ငါ​ကြည့်​နေ​စဉ်​မှာပင် ခေရုဗိမ်​တို့​သည် အတောင်ပံ​ကို​ဖြန့်​၍ မြေ​မှ​ကြွသွား​ကြ​၏​။ ဘီး​တို့​သည်​လည်း သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ထာဝရဘုရား​အိမ်​တော်​အရှေ့ဘက်​တံခါးဝ​သို့​ရောက်​သောအခါ ရပ်​နေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်းအသရေ​တော်​သည်​လည်း သူ​တို့​အပေါ်​တွင် တည်​နေ​၏​။

20 ဤသည်ကား ခေဗာ​မြစ်​နား​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်း​တော်​အောက်​တွင် ငါ​တွေ့​ရ​သော​သတ္တဝါ​များ​ဖြစ်​၏​။ သူ​တို့​သည် ခေရုဗိမ်​များ​ပင်​ဖြစ်​သည်​ကို ငါ​သိ​၏​။

21 တစ်ပါးစီ​တွင် မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု​ရှိ​၍ တောင်ပံ​များ​အောက်​တွင် လူ​လက်​နှင့်​တူ​သော​လက်​ရှိ​၏​။

22 မျက်နှာ​ပုံသဏ္ဌာန်​မှာ​လည်း ခေဗာ​မြစ်​နား​၌​တွေ့​ခဲ့​သော မျက်နှာ​ပုံသဏ္ဌာန်​နှင့်​တူ​၏​။ မိမိ​တို့​မျက်နှာမူ​ရာ​တည့်တည့်​သို့​သာ​သွား​တတ်​ကြ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ