Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

၁ ရာဇ​ဝင်​ချုပ် 28 - မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်


ဗိမာန်တော်တည်ဆောက်ရန် ဒါဝိဒ်မင်းကြီးက ရှောလမုန်မင်းကြီးအား လွှဲအပ်စေခိုင်းခြင်း

1 ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​အကြီးအကဲ​များ​၊ မျိုးနွယ်စု​အကြီးအကဲ​များ​၊ မင်းမှုထမ်း​တပ်ဖွဲ့​အကြီးအကဲ​များ​၊ လူ​တစ်ထောင်​အုပ်​များ​နှင့် လူ​တစ်ရာ​အုပ်​များ​အားလုံး​၊ ရှင်ဘုရင်​နှင့်​သား​တော်​တို့​၏​ဥစ္စာပစ္စည်း​များ​၊ တိရစ္ဆာန်​များ​ကို​ကြီးကြပ်​ပေး​ရ​သူ​များ​အားလုံး​၊ နန်းတွင်း​အကြီးအကဲ​များ​၊ စစ်သူရဲ​များ​နှင့် ရဲစွမ်းသတ္တိ​ရှိ​သူ​အားလုံး​တို့​ကို ဂျေရုဆလင်​မြို့​တွင် စုဝေး​စေ​၏​။

2 ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် ရပ်​လျက် “​ငါ့​ညီအစ်ကို​တို့​၊ ငါ့​လူမျိုး​တို့​၊ နားထောင်​ကြ​ပါ​။ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​တည်​ရာ​နေရာ​၊ ငါ​တို့​ဘုရားသခင်​၏​ခြေ​တော်​တင်​ရာ​နေရာ​ကို ဆောက်လုပ်​ရန် ငါ​ဆန္ဒရှိ​ခဲ့​၏​။ ထိုသို့​တည်ဆောက်​ရန်​လည်း ငါ​ပြင်ဆင်​ခဲ့​ပြီ​။

3 သို့သော် ဘုရားသခင်​က ‘​သင်​သည် စစ်သူရဲ​ဖြစ်၍ လူ့​အသက်​ကို သတ်​ခဲ့​သောကြောင့် ငါ့​နာမ​တည်​ရာ​အိမ်​တော်​ကို သင်​မ​ဆောက်​ရ​’​ဟု ငါ့​အား မိန့်​တော်မူ​၏​။

4 အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ခမည်းတော်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ခမည်းတော်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ခမည်းတော်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။

5 ထာဝရဘုရား​သည် ငါ့​အား သား​အများအပြား​ကို​ပေး​တော်မူ​၏​။ ထို​သား​အပေါင်း​တို့​ထဲမှ သား​တော်​ရှောလမုန်​ကို ရွေးချယ်​တော်မူ​ပြီး အစ္စရေး​လူမျိုး​ကို အုပ်ချုပ်​ရန်​အတွက် ထာဝရဘုရား​၏​နိုင်ငံ​တော်​ရာဇပလ္လင်​ပေါ်တွင် စံမြန်း​စေ​တော်မူ​၏​။

6 ထို့ပြင် ငါ့​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​အိမ်​တော်​နှင့် ဝင်း​တော်​ကို တည်ဆောက်​လိမ့်မည်​။ သူ့​ကို​ငါ​ရွေးချယ်​ပြီး သူ​သည် ငါ့​သား​ဖြစ်၍ ငါ​သည်​လည်း သူ့​ဖခင် ဖြစ်​မည်​။

7 သူ​သည် ငါ့​ပညတ်ချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို ယခု​ကဲ့သို့​မယိမ်းမယိုင်​စောင့်ထိန်း​မည်​ဆို​လျှင် သူ့​နိုင်ငံ​တော်​ကို ထာဝရ​တည်​စေ​မည်​’​ဟု မိန့်​တော်မူ​ပြီ​။

8 သို့ဖြစ်၍ ထာဝရဘုရား​၏​လူထု​ဖြစ်​သော အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ရှေ့​၊ ငါ​တို့​ဘုရားသခင်​ကြား​တော်မူ​သော​အရပ်​တွင် ငါ​ပြော​မည်​။ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​အလုံးစုံ​ကို ရှာဖွေ​၍​စောင့်ထိန်း​ကြ​လော့​။ သို့မှ သင်​တို့​သည် ကောင်းမွန်​သာယာ​သော​ပြည်​ကို ပိုင်ဆိုင်​ရ​၍ သင်​တို့​၏​သားမြေး​တို့​လည်း အစဉ်​အမွေဆက်ခံ​ရ​မည်​။

9 ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။

10 ယခု သတိပြု​ပါ​။ သန့်ရှင်းရာဌာန​ဖြစ်​သော အိမ်​တော်​ကို တည်ဆောက်​ရန် သင့်​ကို​ထာဝရဘုရား ရွေးချယ်​တော်မူ​ပြီ​။ အားယူ​၍​ဆောက်လုပ်​ပါ​လော့​”​ဟု မိန့်ဆို​လေ​၏​။

11 ထို့နောက် ဒါဝိဒ်​မင်းကြီး​သည် သား​တော်​ရှောလမုန်​အား ဆင်ဝင်​အပါအဝင် အိမ်​တော်​အဆောက်အအုံ​၊ ဘဏ္ဍာတိုက်​များ​၊ အထက်ခန်း​များ​၊ အတွင်းခန်း​များ​၊ ကရုဏာ​တော်​ပလ္လင်​အခန်း စသည်​တို့​၏​ပုံစံ​များ​ကို ပေးအပ်​၏​။

12 ထို့ပြင် ဒါဝိဒ်​မင်းကြီး​၏​စိတ်​ထဲတွင်​ပေါ်လာ​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အပါအဝင် ပတ်လည်​အခန်း​များ​အားလုံး​၊ ဘုရားသခင်​အိမ်​တော်​၏​ဘဏ္ဍာတိုက်​နှင့် ဆက်ကပ်လှူဒါန်း​သော​ပစ္စည်း​များ​ထား​ရာ​သိုလှောင်ရုံ စသည်​တို့​၏​ပုံစံ​များ​ကို​ပါ ပေးအပ်​လေ​၏​။

13 ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊

14 အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ရွှေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ရွှေ​အလေးချိန်​အလိုက်​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ငွေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ငွေ​အလေးချိန်​အလိုက်​၊

15 ရွှေ​ဆီမီးခုံ​များ​နှင့်​ရွှေ​မီးခွက်​များ​အတွက် ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဆီမီးခုံ​များ​အတွက်​လည်း ဆီမီးခုံ​တစ်ခုစီ​နှင့် မီးခွက်​တို့​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊

16 ရှေ့​တော်​မုန့်​တင်​ရန်​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​စားပွဲ​များ​အတွက် စားပွဲ​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊

17 ခက်ရင်းခွ​များ​၊ ဇလုံ​များ​၊ ကရား​များ​အတွက် ရွှေ​စင်​များ​၊ ရွှေ​ဖလား​များ​အတွက် ရွှေ​ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ရွှေ​၊ ငွေ​ဖလား​များ​အတွက် ဖလား​တစ်ခုစီ​၏​အလေးချိန်​အလိုက်​လိုအပ်​သော​ငွေ​၊

18 နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​အတွက် ရွှေ​စင်​အလေးချိန်​အလိုက်​၊ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို အုပ်မိုး​ထား​သော​၊ အတောင်ပံ​ဖြန့်​ထား​သည့် ခေရုဗိမ်​ရထား​ပုံစံ​အတွက်​ရွှေ​အလေးချိန်​အလိုက် ပေးအပ်​ပြီးလျှင်

19 “ဤ​ပုံစံ​အားလုံး​ကို ထာဝရဘုရား ရေးဆွဲ​ထား​ပြီး လုပ်ဆောင်​ရ​မည့်​ပုံစံ​အသေးစိတ်​ကို ငါ့​အား သိနားလည်​စေ​တော်မူ​ပြီ”​ဟု ဆို​လေ​၏​။

20 ထို့နောက် ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​အားယူ​၍​ရဲရင့်​စွာ လုပ်ဆောင်​လော့​။ မ​ကြောက်​နှင့်​၊ စိတ်​မ​ပျက်​နှင့်​။ ငါ​ကိုးကွယ်​သော​ဘုရားသခင်​၊ ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။ ထာဝရဘုရား​၏​အိမ်​တော် ဆောက်လုပ်​ခြင်း​အမှု​အလုံးစုံ​ကို ပြီးစီး​သည့်​တိုင်အောင် သင့်​ကို စွန့်ပစ်​တော်မူ​မည်​မ​ဟုတ်​။ သင့်​ကို ပစ်ပယ်​တော်မူ​မည်​မ​ဟုတ်​။

21 ဘုရားသခင်​၏​အိမ်​တော်​အမှု​ရှိသမျှ​ကို ဆောင်ရွက်​သော ယဇ်ပုရောဟိတ်​တို့​၏​အဖွဲ့​၊ လေဝိ​လူမျိုး​တို့​၏​အဖွဲ့​နှင့် လုပ်ငန်း​တိုင်း​ကို​ကျွမ်းကျင်​ပြီး စေတနာစိတ်​ရှိ​သော​သူ​တို့​သည် သင်​လုပ်ဆောင်​လေရာရာ​တွင် သင်​နှင့်အတူ လုပ်ဆောင်​ကြ​လိမ့်မည်​။ မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း သင်​ညွှန်ကြား​သမျှ​ကို လုပ်ဆောင်​ပေး​ကြ​လိမ့်မည်”​ဟု ဆို​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2022 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ