ရှောလမုန်သီချင်း။ 3 - Judson Bibleသတို့သမီးအိပ်မက် 1 ငါ့ဝိညာဉ်ချစ်သောသူကို ညအခါ အိပ်ရာပေါ်မှာ ငါရှာ၏။ ရှာသော်လည်း မတွေ့။ 2 ငါထမည်။ မြို့လမ်းတို့တွင်လည်မည်။ ငါ့ဝိညာဉ်ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟုဆိုလျက် ရှာသော်လည်း မတွေ့။ 3 မြို့ကိုလည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့ကြသော်၊ ငါ့ဝိညာဉ်ချစ်သောသူကို မြင်ကြသလောဟု ငါမေး၏။ 4 သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါ့ဝိညာဉ်ချစ်သောသူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင်၍ ငါ့ကိုဖွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့၏။ 5 ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကို တိုင်တည်၍၊ သင်တို့ကိုငါမှာထား၏။ သတို့သားရောက်လာပြီ 6 မုရန်၊ လောဗန်အစရှိသော ကုန်သည်ရောင်းတတ်သော နံ့သာမှုန့်မျိုးကိုမီးရှို့၍၊ ထသော မီးခိုးတိုင်သဏ္ဌာန်ရှိလျက် တောထဲကလာသော ထိုသူကား၊ အဘယ်သူဖြစ်ပါလိမ့်မည်နည်း။ ရှောလမုန်မင်း၏ ယာဉ်ပျံတော်ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုးသားသူရဲ အခြွေအရံရှိကြ၏။ 7 ထိုသူအပေါင်းတို့သည် ဓားကိုင်လျက်၊ စစ်မှုစစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။ 8 ညအခါစိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်း မိမိအပေါ်၌ မိမိဓားကို မြှောင်ထားလျက်ရှိ၏။ 9 လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။ 10 ကွန်းစင်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ပိုင်းကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ဗလာဖြင့်လည်းကောင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့် ချယ်လှယ်ကြပြီ။ 11 ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင်သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင်သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန်မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ |
Judson Bible Revision © Bible Society of Myanmar, 2021.
Bible Society of Myanmar