ဆာလံကျမ်း 24 - Judson Bible in Zawgyi Versionဗိမာန်တော်သို့ဝင်ခြင်း 1 ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း၊ ပိုင်တော်မူ၏။ 2 အကြောင်းမူကား၊ ထိုနေရာကို သမုဒ္ဒရာပေါ်မှာတည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။ 3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်းဟူမူကား၊ 4 သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊ 5 ထာဝရဘုရား၏လက်တော်မှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏လက်တော်မှ ဖြောင့်မတ်ခြင်းတရားကိုလည်းကောင်း ခံရလိမ့်မည်။ 6 ထိုသူသည် ထာဝရဘုရားကိုရှာသောအမျိုး၊ မျက်နှာတော်ကိုရှာသော ယာကုပ်အမျိုးဖြစ်သတည်း။ 7 အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကို ကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 8 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှာ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ 9 အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကိုကြွလိုက်ကြ။ ဘုန်းကြီးသောရှင်ဘုရင် ဝင်တော်မူမည်။ 10 ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်တော်မူသတည်း။ |
Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar