Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -

ယော​ရှု 2 - Judson Bible in Zawgyi Version


သူ​လျှို​နှစ်​ယောက်

1 နုန်၏​သား​ယော​ရှု​သည် သူ​လျှို​နှစ်​ယောက်​ကို ရှိ​တ္တိမ်​မြို့​မှ တိတ်​ဆိတ်​စွာ​စေ​လွှတ်​လျက်၊ ခါ​နာန်​ပြည် ယေ​ရိ​ခေါ​မြို့​ကို​သွား၍ ကြည့်​ရှု​ကြ​လော့​ဟု မှာ​ထား​လိုက်​သည်​အ​တိုင်း၊ သူ​တို့​သည်​သွား​ပြီး​လျှင် ရာ​ခပ်​အ​မည်​ရှိ​သော ပြည့်​တန်​ဆာ​မိန်း​မ​အိမ်​သို့ ဝင်၍​နေ​လေ၏။

2 ပြည်​သား​အ​ချို့​တို့​က​လည်း၊ ဤ​ပြည်​ကို စူး​စမ်း​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ချို့​တို့​သည် ယ​နေ့​ည​မှာ မြို့​တွင်း​သို့ ဝင်​ပါ​ပြီ​ဟု ယေ​ရိ​ခေါ​မင်း​ကြီး​အား လျှောက်​ကြား​ကြ​သည် ရှိ​သော်၊

3 ယေ​ရိ​ခေါ​မင်း​ကြီး​သည် ရာ​ခပ်​အား သင့်​ဆီ​သို့ ရောက်​လာ၍၊ သင့်​အိမ်​သို့​ဝင်​သော​သူ​တို့​ကို အပ်​လော့။ သူ​တို့​သည် တစ်​ပြည်​လုံး​ကို​စူး​စမ်း​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု အ​မိန့်​တော်​နှင့် စေ​လွှတ်​လေ၏။

4 ရာ​ခပ်​သည် ထို​သူ​နှစ်​ယောက်​တို့​ကို ဝှက်​ထား​နှင့်​ပြီး​မှ ကျွန်​မ​ဆီ​သို့ လူ​ရောက်​သည်​မှန်​ပါ၏။ သို့​ရာ​တွင် အ​ဘယ်​အ​ရပ်​က​လာ​သည်​ကို မ​သိ​ပါ။

5 မိုး​ချုပ်၍ တံ​ခါး​ပိတ်​ချိန်​ရှိ​သော​အ​ခါ၊ သူ​တို့​သည် ထွက်​သွား​ကြ​ပါ၏။ အ​ဘယ်​အ​ရပ်​သို့ ထွက်​သွား​သည်​ကို မ​သိ​ပါ။ အ​လျင်​အ​မြန် လိုက်​ကြ​လော့။ မီ​ကောင်း မီ​ပါ​လိမ့်​မည်​ဟု ပြန်​ပြော၏။

6 သို့​ဆို​သော်​လည်း ထို​သူ​တို့​ကို အိမ်​အ​ပေါ်​သို့ တက်​စေ၍၊ အ​မိုး​ပေါ်​မှာ​ဖြန့်​ထား​သော ပိုက်​ဆန်​ရိုး​ထဲ၌ ဝှက်​ထား​နှင့်​ပြီ။

7 မင်း​လု​လင်​တို့​သည် ယော်​ဒန်​မြစ်​ကူး​ရာ​လမ်း​သို့ လိုက်​ကြ၏။ မြို့​ပြင်​သို့​ရောက်​ကြ​ပြီး​မှ မြို့​တံ​ခါး​များ​ကို ပိတ်​ကြ၏။

8 သူ​လျှို​တို့​သည် မ​အိပ်​မီ မိန်း​မ​သည် သူ​တို့​ရှိ​ရာ အိမ်​မိုး​ပေါ်​သို့​တက်၍၊

9 ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား ဤ​ပြည်​ကို ပေး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​တို့​ကြောက်​လန့်​အား​ကြီး၍ သင်​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​ကြောင်း​ကို​လည်း​ကောင်း ကျွန်​မ​သိ​ပါ၏။

10 သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော​အ​ခါ၊ ဧ​ဒုံ​ပင်​လယ်​ရေ​ကို ထာ​ဝ​ရ​ဘု​ရား ခန်း​ခြောက်​စေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌​နေ၍ သင်​တို့ ရှင်း​ရှင်း​ဖျက်​ဆီး​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌ သင်​တို့​ပြု​သော​အ​မှု​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​ကြား​ရ​ကြ​ပြီ။

11 ထို​သ​တင်း​ကို​ကြား​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​သည် စိတ်​ပျက်၍ သင်​တို့​ကြောင့် တစ်​စုံ​တစ်​ယောက်​သော​သူ၌​မျှ ရဲ​ရင့်​ခြင်း​သ​တ္တိ အ​လျှင်း​မ​ကျန်​ကြွင်း​ပါ။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက် ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ အောက်​အ​ရပ် မြေ​ကြီး၌​လည်း​ကောင်း၊ အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။

12 သို့​ဖြစ်၍ သင်​တို့၌ ကျွန်​မ​သည်​ကျေး​ဇူး​ပြု​သော​ကြောင့် သင်​တို့​သည် ကျွန်​မ​ပေါက်​ဖော်​တို့၌ ကျေး​ဇူး​ပြု၍၊

13 ကျွန်​မ​မိ​ဘ၊ ညီ​အစ်​မ၊ မောင်​အ​စ​ရှိ​သော သူ​တို့​နှင့်​ဆိုင်​သ​မျှ​သော သူ​တို့​ကို​မ​သတ်​ဘဲ အ​သက်​ချမ်း​သာ​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​ကြ​ပါ။ မှန်​သော​လ​က္ခ​ဏာ​သက်​သေ​ကို​လည်း ပေး​ခဲ့​ကြ​ပါ​ဟု​ဆို​လျှင်၊

14 ထို​သူ​တို့​က၊ သင်​သည် ငါ​တို့​အ​မှု​ကို​မ​ဖော်​မ​ပြ​လျှင် သင့်​အ​သက်​အ​တွက် ငါ​တို့​အ​သက်​သည် အာ​မ​ခံ​ဖြစ်​စေ​တော့။ ဤ​ပြည်​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခါ၊ သင်၌​သ​စ္စာ​စောင့်၍ ကျေး​ဇူး​ပြု​မည်​ဟု ဝန်​ခံ​ကြ၏။

15 ထို​မိန်း​မ​နေ​ရာ​အိမ်​သည် မြို့​ရိုး​နား​မှာ​ရှိ​သော​ကြောင့်၊ ထို​သူ​တို့​ကို ပြူ​တင်း​ပေါက်​က​ကြိုး​နှင့် လျှော့​ချ​လျက်၊

16 သင်​တို့​သည် လိုက်၍​ရှာ​သော​သူ​တို့​နှင့် လွတ်​မည်​အ​ကြောင်း တောင်​ပေါ်​သို့​ပြေး၍ သုံး​ရက်​ပုန်း​နေ​ကြ​ပါ။ ရှာ​သော​သူ​တို့​သည် ပြန်​သော​နောက်​မှ​သွား​ကြ​ပါ​ဟု​ဆို​လျှင်၊

17 ထို​သူ​တို့​က၊ သင်​သည် ကျိန်​ဆို​စေ​သော​အ​ကျိန်​ကြောင့်၊ ငါ​တို့၌ အ​ပြစ်​မ​ရောက်​ပါ​စေ​နှင့်။

18 ဤ​ပြည်​သို့ ငါ​တို့​ရောက်​လာ​သော​အ​ခါ၊ ယ​ခု​လျှော့​ချ​သော ပြူ​တင်း​ပေါက်၌ ဤ​ကြိုး​နီ​ကို ချည်​ထား၍၊ သင့်​မိ​ဘ၊ သင့်​မောင်​များ​နှင့် ပေါက်​ဖော်​များ​အ​ပေါင်း​တို့​ကို သင့်​အိမ်၌​ခေါ်​ထား​ရ​မည်။

19 ထို​အ​ခါ သင့်​အိမ်​ထဲ​က လမ်း​သို့​ထွက်​သွား​သော​သူ မည်​သည်​ကား၊ သေ​လျှင်​သေ​ပြစ်​ကို ကိုယ်​တိုင်​ခံ​စေ၊ ငါ​တို့​သည် အ​ပြစ်​လွတ်​စေ။ သင့်​အိမ်၌ ရှိ​သော​သူ​မည်​သည်​ကို အ​သေ​သတ်​လျှင် သေ​ပြစ်​ကို ငါ​တို့​သည်​ခံ​စေ။

20 ငါ​တို့​အ​မှု​ကို​လည်း သင်​သည်​ဖော်​ပြ​လျှင်၊ သင်​ယ​ခု​ကျိန်​ဆို​စေ​သော အ​ကျိန်​နှင့် ငါ​တို့​သည် လွတ်​စေ​ဟု​ဆို​လျှင်၊

21 မိန်း​မ​က၊ သင်​တို့​စ​ကား​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​တော့​ဟု​ဝန်​ခံ​လျက် လွှတ်​လိုက်၍ သူ​တို့​သည် သွား​ကြ၏။ မိန်း​မ​သည်​လည်း ထို​ကြိုး​နီ​ကို ပြူ​တင်း​ပေါက်၌ ချည်​ထား​လေ၏။

22 ထို​သူ​တို့​သည် တောင်​ပေါ်​သို့​ရောက်​အောင်​သွား၍ လိုက်​ရှာ​သော​သူ​တို့ မ​ပြန်​မီ​တိုင်​အောင် သုံး​ရက်​နေ​ကြ၏။ ရှာ​သော​သူ​တို့​သည်​လည်း လမ်း​တစ်​လျှောက်​လုံး ရှာ၍​မ​တွေ့​ကြ။

23 ထို​လူ​နှစ်​ယောက်​တို့​သည် လှည့်၍ တောင်​ပေါ်​က​ဆင်း​ပြီး​မှ မြစ်​ကို​ကူး​သ​ဖြင့်၊ နုန်၏​သား​ယော​ရှု​ထံ​သို့ ရောက်၍၊ မိ​မိ​တို့၌ ဖြစ်​သ​မျှ​တို့​ကို ပြန်​ကြား​လျက်၊

24 အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ