ယောရှု 16 - Judson Bible in Zawgyi Versionဧဖရိမ်နှင့်မနာရှေအမွေခံရသောမြေ 1 ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်းသို့လိုက်လျက်၊ ဗေသလတောင်တစ်လျှောက်လုံးသွားသဖြင့်၊ 2 ဗေသလလုဇမြို့သို့လည်းကောင်း၊ အာခိအတရုတ်မြို့သို့လည်းကောင်း၊ 3 အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့လည်းကောင်း၊ အောက်ဗက်ဟောရုန်မြို့သို့လည်းကောင်း၊ ဂေဇာမြို့သို့လည်းကောင်း ရောက်၍ ပင်လယ်၌ဆုံးလေ၏။ 4 ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့သည် အမွေခံရကြ၏။ 5 ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက်နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ်အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊ 6 မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ထွက်၏။ တစ်ဖန် အရှေ့သို့မျက်နှာပြု၍ တာနတ်ရှိလောမြို့ အရှေ့မှာလျှောက်လျက်၊ 7 ယနောဟမြို့သို့လည်းကောင်း၊ ယနောဟမြို့မှ အတရုတ်မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့လည်းကောင်း ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ 8 တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။ 9 ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဖို့ အမွေခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဖို့ ခွဲထားသောမြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသောမြို့ရွာများ ဖြစ်သတည်း။ 10 ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။ |
Judson Bible Myanmar Language Edition Zawgyi Version © Bible Society of Myanmar, 2020.
Bible Society of Myanmar