ရှင်မာကု 8 - မြန်မာလူလေးထောင်ကိုကျွေးမွေးခြင်း (မ၊ ၁၅:၃၂-၃၉) 1 ထိုအခါ စုဝေးသောသူအလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊- 2 ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာအလျှင်း မရှိ။- 3 အချို့တို့သည် အဝေးကလာသည်ဖြစ်၍၊ အစာမစားမီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်ဟု မိန့်တော်မူ၏။- 4 တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ ဝစွာကျွေးနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊- 5 ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံး ရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်ဟု လျှောက်ကြ၏။- 6 ထိုအခါ လူအစုအဝေးကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှာ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း သူတို့သည် ထည့်ကြ၏။- 7 အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှာ မိန့်တော်မူ၏။- 8 ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။- 9 စားသောသူ အရေအတွက်ကား၊ လူလေးထောင်မျှလောက် ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊- 10 တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ချင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။ နိမိတ်လက္ခဏာတောင်းဆိုခြင်း (မ၊ ၁၆:၁-၄) 11 ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- 12 ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမပြရဟု မိန့်တော်မူပြီးလျှင်၊- 13 ထိုသူတို့ ရှိရာမှထွက်၍ တစ်ဖန် လှေထဲသို့ ဝင်ပြီးလျှင် ကမ်းတစ်ဖက်သို့ ပြန်တော်မူ၏။ ဖာရိရှဲတို့နှင့်ဟေရုဒ်၏တဆေး (မ၊ ၁၆:၅-၁၂) 14 တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှာ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာ သူတို့၌ မုန့်တစ်လုံးတည်းသာ ရှိ၏။- 15 ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။- 16 တပည့်တော်တို့ကိုလည်း၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်ဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- 17 ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကို ထောက်၍ အဘယ်ကြောင့်အချင်းချင်း ဆွေးနွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း၊ နားမလည်ကြသလော။ သင်တို့ စိတ်နှလုံး မိုက်သေးသလော။- 18 မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။- 19 မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ တစ်ဆယ်နှစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- 20 မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်းဟု မေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်းပါသည်ဟု လျှောက်ကြ၏။- 21 သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့ နေကြသနည်းဟု မိန့်တော်မူ၏။ ဗက်ဇဲဒ၌မျက်မမြင်ကိုကုသခြင်း 22 ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။- 23 ကိုယ်တော်သည် လူကန်းကိုလက်ဆွဲ၍ မြို့ပြင်သို့ ထွက်ပြီးမှ၊ သူ၏မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစ်စုံတစ်ခုကို မြင်သလောဟု မေးတော်မူ၏။- 24 ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ် မြင်ပါသည်ဟု လျှောက်၏။- 25 နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။- 26 ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်။ မြို့၌ အဘယ်သူကိုမျှ မပြောနှင့်ဟု မိန့်တော်မူ၍ သူ့ကို မိမိနေရာသို့ လွှတ်လိုက်လေ၏။ ပေတရု၏ဝန်ခံချက် (မ၊ ၁၆:၁၃-၂၀။ လု၊ ၉:၁၈-၂၁) 27 ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- 28 လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန် ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- 29 သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- 30 ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။ အသေခံရမည့်အကြောင်းဖော်ပြခြင်း (မ၊ ၁၆:၂၁-၂၈။ လု၊ ၉:၂၂-၂၇) 31 ထိုမှတစ်ပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများကို တပည့်တော်တို့အား ပြစပြုတော်မူ၏။- 32 ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်၊- 33 ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။ 34 ထိုအခါ တပည့်တော်တို့နှင့် ပရိသတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။- 35 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။- 36 လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။- 37 မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။- 38 မျောက်မထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကို ရှက်တော်မူလတ္တံ့။ |
Judson Bible Revision © Bible Society of Myanmar, 2021.
Bible Society of Myanmar