မဿဲ 15 - မြန်မာရှေးလူဟောင်းတို့၏နည်းဥပဒေ (မာ၊ ၇:၁-၁၃။) 1 ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊- 2 ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- 3 ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။- 4 ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- 5 သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊- 6 ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။- 7 လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။- 8 လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု- 9 နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။- လူကိုညစ်ညူးစေသောအရာ (မာ၊ ၇:၁၄-၂၃။) 10 ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့ နားထောင် နားလည်ကြလော့။- 11 ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။- 12 တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။- 13 ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။- 14 ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။- 15 ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊- 16 ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။- 17 ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။- 18 ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- 19 မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- 20 လူကို ညစ်ညူးစေသောအရာ ဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။ ခါနာန်အမျိုးသမီး၏ယုံကြည်ခြင်း (မာ၊ ၇:၂၄-၃၀။) 21 ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊- 22 ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှ ပြန်တော်မမူ။- 23 တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။- 24 ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှတစ်ပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။- 25 ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊- 26 ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။- 27 မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊- 28 အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။ ရောဂါများကိုငြိမ်းစေခြင်း 29 ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။- 30 များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။- 31 အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။ လူလေးထောင်ကိုကျွေးမွေးခြင်း (မာ၊ ၈:၁-၁၀။) 32 ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာ အလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊- 33 တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ်၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊- 34 ယေရှုက၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးနှင့် အနည်းငယ်မျှသော ငါးကောင်ကလေး ရှိပါသည်ဟု ပြန်လျှောက်ကြ၏။- 35 ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။- 36 မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။- 37 လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။- 38 စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ ယောက်ျားလေးထောင် ရှိသတည်း။- 39 ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။- |
Judson Bible Revision © Bible Society of Myanmar, 2021.
Bible Society of Myanmar