Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ရှင်ယောဟန် 2 - Garrad Bible

1 ထိုနောက်တတိယနေ့၌ ဂါလိလဲနယ်ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကျင်းပ၍ ပွဲထိုင်မယ်တော်ပါသည့်ပြင်၊

2 ယေရှုနှင့်တပည့်တော်တို့ကိုလည်း ပင့်ဖိတ်ကြ၏။

3 စပျစ်ရည်ကုန်သော် ယေရှုအားမယ်တော်က၊ သူတို့၌စပျစ်ရည်မရှိဟု ပြောလျှင်၊

4 ယေရှုက၊ အိုအရှင်မ၊ သင်သည်ငါနှင့်မည်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟု ပြန်၍မိန့်တော်မူ၏။

5 ဆောင်ရွက်သူတို့အားလည်းမယ်တော်က၊ မိန့်မှာတော်မူသမျှလုပ်ကြလော့ဟုဆို၏။

6 ထိုအိမ်တွင် ယုဒလူမျိုးတို့သန့်စေခြင်းထုံးနည်းအတိုင်း ခွက်ခုနစ်ဆယ်ဝင် ကျောက်ရေအိုးခြောက်လုံး တည်ထားလျက်ရှိသည်နှင့်၊

7 ထိုအိုးများကိုရေဖြည့်ကြလော့ဟု ယေရှုမိန့်တော်မူသည့်အတိုင်း နှုတ်ခမ်းထိဖြည့်ကြပြီးနောက်၊

8 ကိုယ်တော်က၊ ယခုခပ်ယူ၍ပွဲအုပ်ထံသွင်းကြလော့ဟုမိန့်တော်မူသော် ယူသွင်းကြ၏။

9 ပွဲအုပ်လည်း ထိုရေမှဖြစ်သောစပျစ်ရည်ကိုမြည်း၍ မည်သို့ရကြောင်းခပ်ယူ ဆောင်ရွက်သူတို့သိသော်လည်း ကိုယ်တိုင်မသိသဖြင့်၊

10 မင်္ဂလာဆောင်သတို့သားကိုခေါ်လျက် သူတိုင်းမှာ စပျစ်ရည်ကောင်းကိုဦးစွာတည်၍မူးယစ်ကြပြီးမှ အညံ့ကိုတည်တတ်သည်။ သင်မူကား ယခုတိုင်စပျစ်ရည်ကောင်းကိုချန်ထားပြီဟု ဆိုလေ၏။

11 ဂါလိလဲနယ်ကာနမြို့တွင် ဤနိမိတ်လက္ခဏာဦးကိုယေရှုပြ၍၊ ဘုန်းတော်ထင်ရှားစေတော်မူသည့်အလျောက် တပည့်တော်တို့သည်ကိုယ်တော်ကိုယုံကြည်ကြ၏။

12 ထိုနောက်ကိုယ်တော်သည် မယ်တော်၊ ညီတော်၊ တပည့်တော်တို့နှင့်တကွ ကပေရနောင်မြို့သို့ ကြွ၍၊ နေ့ရက်မရှည်မကြာနေထိုင်ကြ၏။

13 ယုဒလူမျိုးတို့၏ ပသခါပွဲတိုင်လုသော် ယေရှုသည် ယေရုရှလင်မြို့သို့ကြွ၍၊

14 ဗိမာန်တော့်အတွင်း နွား၊ သိုး၊ ချိုးများရောင်းချသူတို့နှင့် ကြေးငွေလဲလှယ်သူတို့ ထိုင်နေသည်ကိုတွေ့မြင်တော်မူရာ၊

15 ကြိုးမြွာနှင်တံလုပ်ပြီးလျှင် သိုးနွားရှိသမျှကိုမောင်းနှင်၍ ကြေးငွေလဲလှယ်သူတို့၏ငွေနုပ်များကို သွန်ချခြင်း၊ စားပွဲများကိုမှောက်လှန်ခြင်းပြုသည့်ပြင်၊

16 ချိုးရောင်းသူတို့အား၊ ဤမှယူသွားကြလော့။ ခမည်းတော်၏ဗိမာန်ကို ကုန်ရုံမလုပ်ကြနှင့်ဟုမိန့် တော်မူ၏။

17 ထိုအခါ ဗိမာန်တော့်အတွက်ထက်သန်ခြင်းစေတနာသည် အကျွန်ုပ်ကိုကျွမ်းလိမ့်မည် ဟူသောကျမ်းချက်ကို တပည့်တော်တို့သတိရကြ၏။

18 ယုဒလူမျိုးတို့က၊ ဤသို့သင်ပြုသည်မှာ မည်သည့်နိမိတ်လက္ခဏာကိုပြသနည်း ဟုမေးကြသော်၊

19 ဤဗိမာန်တော်ကိုဖျက်ဆီးကြလော့။ သုံးရက်နှင့်ငါတည်ဦးမည်ဟု၊ ယေရှုပြန်၍မိန့်တော်မူသောကြောင့်၊

20 ယုဒလူမျိုးတို့က လေးဆယ့်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော်ကိုတည်ဆောက်ရ၏။ သင်မူကား၊ သုံးရက်နှင့်တည်ဦးမည်လောဟု ဆိုကြ၏။

21 သို့ရာတွင် ကိုယ်ခန္ဓာဗိမာန်ကိုရည်လျက် မိန့်တော်မူသည့်အလျောက်၊

22 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်တော်မူသည့်ကာလ ဤသို့မိန့်တော်မူခဲ့ကြောင်း၊ တပည့်တော်တို့ သတိရသဖြင့် ကျမ်းချက်ကိုလည်းကောင်း၊ ယေရှုမိန့်တော်မူသောစကားကိုလည်းကောင်း ယုံကြည်ကြ၏။

23 ကိုယ်တော်သည် ပသခါပွဲအတွင်း ယေရုရှလင်မြို့၌ရှိစဉ် ပြတော်မူသောနိမိတ် လက္ခဏာများကိုလူအများတို့မြင်ရ၍ နာမတော်ကိုယုံကြည်ကြ၏။

24-25 သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ