ဆာလံ 75 - Common Language Bibleတရားစီရင်တော်မူသောဘုရားသခင် 1 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။ 2 ဘုရားသခင်က``တရားစီရင်မည့်အချိန်ကို ငါသတ်မှတ်ထားလေပြီ။ ငါသည်ဖြောင့်မှန်စွာတရားစီရင်မည်။ 3 ကမ္ဘာမြေကြီးနှင့်တကွသက်ရှိသတ္တဝါ အပေါင်းတို့သည် တုန်လှုပ်ကြစေကာမူ ငါသည်ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်တို့ကို တည်တံ့ခိုင်မြဲစေမည်။ 4 ငါဤသို့အမိန့်ရှိ၏။ သူယုတ်မာတို့အားမကြွားမဝါကြနှင့်။ 5 မာန်မာနမထောင်လွှားကြနှင့်။ 6 တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။ 7 တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။ 8 ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။ 9 သို့ရာတွင်ငါမူကားယာကုပ်၏ ဘုရားအကြောင်းတော်ကိုအစဉ်မပြတ် ပြောကြားပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုမည်။ 10 ကိုယ်တော်သည်သူယုတ်မာတို့၏တန်ခိုး အာဏာကို ချိုးနှိမ်တော်မူမည်။ သူတော်ကောင်းတို့၏တန်ခိုးအာဏာကိုမူကား တိုးတက်စေတော်မူလိမ့်မည်။ |
© 2005 Bible Society of Myanmar
Bible Society of Myanmar