ဆာလံ 48 - Common Language Bibleထာဝရဘုရား၏မြို့တော်ဇိအုန် 1 ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍သန့်ရှင်း မြင့်မြတ်သည့်တောင်တော် တည်းဟူသော ငါတို့ဘုရား၏မြို့တော်တွင်အလွန် ထောမနာပြုခြင်းကိုခံထိုက်ပေ၏။ 2 ဘုရားသခင်၏တောင်တော်ဖြစ်သည့် ဇိအုန်တောင်သည်မြင့်မား၍လှပတင့်တယ် ပါ၏။ မဟာမင်းမြတ်၏မြို့တော်သည်ကမ္ဘာသူ ကမ္ဘာသားတို့အားစိတ်ရွှင်လန်းစေပါ၏။ 3 ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင် ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။ 4 ရှင်ဘုရင်တို့သည်စုရုံးလျက်ဇိအုန်တောင်ကို တိုက်ခိုက်ရန်ချီတက်လာကြ၏။ 5 ထိုတောင်ကိုမြင်သောအခါသူတို့သည် အံ့သြထိတ်လန့်၍ထွက်ပြေးကြ၏။ 6-7 သူတို့သည်သားဖွားချိန်နီးသည့် အမျိုးသမီးကဲ့သို့လည်းကောင်း၊ ပြင်းထန်သောလေမုန်တိုင်းမိသဖြင့်လူးနေရသော သင်္ဘောကြီးများကဲ့သို့လည်းကောင်း ထိတ်လန့်တုန်လှုပ်ကြကုန်၏။ 8 ကိုယ်တော်ပြုတော်မူသောအမှုအရာများကို ငါတို့ကြားဖူးကြ၏။ ယင်းသို့ကြားဖူးကြသည့်အတိုင်းအနန္တတန်ခိုးရှင် ထာဝရဘုရားတည်းဟူသောငါတို့ဘုရား၏ မြို့တော်တွင်ယခုငါတို့တွေ့မြင်ကြရလေပြီ။ ကိုယ်တော်သည်ထိုမြို့တော်ကိုကာလအစဉ်အဆက် ဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။ 9 အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဗိမာန်တော်အတွင်း၌ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုဆင်ခြင်ကြပါ၏။ 10 နေရာတကာတွင်လူအပေါင်းတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါ၏။ ကိုယ်တော်ရှင်၏ဂုဏ်သတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ပျံ့နှံ့နေပါ၏။ ကိုယ်တော်ရှင်သည်တရားမျှတစွာ အုပ်စိုးတော်မူပါ၏။ 11 ဇိအုန်မြို့သူမြို့သားတို့သည်ဝမ်းမြောက် ကြပါစေ။ ကိုယ်တော်သည်ဖြောင့်မှန်စွာတရားစီရင် တော်မူပါ၏။ ယုဒပြည်မြို့ကြီးများတွင်ရွှင်လန်းမှုရှိ ပါစေ။ 12 ဘုရားသခင်၏လူစုတော်ဝင်တို့၊ဇိအုန်တောင် ကို လှည့်ပတ်၍ပြအိုးတို့ကိုရေတွက်လော့။ 13-14 ထိုမြို့၏တံတိုင်းများကိုမှတ်သား၍ခံတပ် များကို စစ်ဆေးကြည့်ရှုကြလော့။ ထိုအခါသင်တို့သည်``ဤဘုရားကား ကမ္ဘာအဆက်ဆက်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝစဉ်ငါတို့အား လမ်းပြပို့ဆောင်တော်မူလိမ့်မည်'' ဟု နောင်လာနောက်သားတို့အား ပြောကြားနိုင်ကြလိမ့်မည်။ |
© 2005 Bible Society of Myanmar
Bible Society of Myanmar