၂ ပေ 2 - ခေတ်သစ်မြန်မာ သမ္မာကျမ်းပရောဖက်အတုအယောင်တို့၏ အန္တရာယ် 1 ယခင်က ပရောဖက်အတုအယောင်များသည် အစ္စရေးလူမျိုးထဲတွင် ပေါ်ပေါက်ခဲ့ကြသကဲ့သို့ သင်တို့ထဲတွင်လည်း ဆရာအတုအယောင်များ ပေါ်ပေါက်လာကြလိမ့်မည်။ သူတို့သည် ပျက်စီးစေမည့် အယူဝါဒအမှားများကို လျှို့ဝှက်စွာ ရိုက်သွင်းပေး၍ မိမိတို့ကို ရွေးနုတ်ဝယ်ယူသောအရှင်ကိုပင် ငြင်းပယ်လျက် မိမိတို့အပေါ် ပျက်စီးခြင်းဘေးကို မကြာမီကျရောက်စေလိမ့်မည်။ 2 လူများစွာတို့သည် ထိုသူတို့၏ ကိလေသာလွန်ကြူးခြင်းလမ်းစဉ်နောက်သို့ လိုက်ကြလိမ့်မည်။ ထိုဆရာအတုအယောင်များကြောင့် သမ္မာတရားလမ်းသည် စော်ကားပြောဆိုခံရလိမ့်မည်။ 3 ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။ 4 ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။ 5 ဘုရားသခင်သည် ရှေးခေတ်လောကီသားတို့ကိုလည်း ချမ်းသာပေးတော်မမူဘဲ ထိုဘုရားတရားမဲ့သောလောကီသားတို့ကို ရေလွှမ်းမိုး၍ ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧနှင့် သူ၏ မိသားစုဝင်ခုနစ်ဦးတို့ကိုသာ ကာကွယ်တော်မူ၏။ 6 ထို့နောက် သောဒုံနှင့် ဂေါမောရမြို့တို့ကို ပြာကျသည့်တိုင် မီးရှို့လျက် ပြစ်ဒဏ်စီရင်တော်မူ၍ ဘုရားတရားမဲ့သောသူတို့ထံ ကျရောက်မည့်ဘေး၏ နမူနာအဖြစ် ဖော်ပြတော်မူ၏။ 7 သို့ရာတွင် ဘုရားသခင်သည် တရားမဲ့သောသူတို့၏ ကာမဂုဏ်လိုက်စားသော ပြုမူနေထိုင်ပုံတို့ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတကို ကယ်တင်တော်မူ၏။ 8 ထိုဖြောင့်မတ်သူသည် တရားမဲ့သောသူတို့ထဲတွင် နေထိုင်စဉ် ထိုသူတို့၏ တရားမဲ့မှုများကို နေ့စဉ်ရက်ဆက် မြင်တွေ့ကြားသိနေရသဖြင့် သူ၏ ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။ 9 ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။ 10 အထူးသဖြင့် ညစ်ညမ်းသောအရာကို တပ်မက်သည့် လူ့ဗီဇစိတ်နောက်သို့ လိုက်သွားသူများနှင့် ဘုရားသခင်၏ အုပ်စိုးခြင်းကို မထီမဲ့မြင်ပြုသူများအား ထိုသို့အပြစ်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် အတင့်ရဲသူများ၊ ထင်ရာစိုင်းသူများဖြစ်ပြီး ဘုန်းတန်ခိုးကြီးသူတို့ကို စော်ကားပြောဆိုဝံ့ကြ၏။ 11 သို့ရာတွင် ထိုသူတို့ထက် ခွန်အား၊ တန်ခိုး ပို၍ ကြီးမားသော ကောင်းကင်တမန်များပင် ထာဝရဘုရားရှေ့တော်၌ ထိုဘုန်းတန်ခိုးကြီးသူတို့အား စော်ကားပြောဆိုသည့် စီရင်မှုကို မပြုကြ။ 12 သူတို့သည် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရန်အတွက် ပေါက်ဖွားလာပြီး ပင်ကိုဗီဇအရ ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြ၍ မိမိတို့နားမလည်သည့်အရာများကို စော်ကားပြောဆိုကြ၏။ သူတို့သည် ထိုတိရစ္ဆာန်များကဲ့သို့ပင် ပျက်စီးကြလိမ့်မည်။ 13 သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။ 14 သူတို့၌ ဖောက်ပြန်လိုစိတ်နှင့် ပြည့်နှက်နေသောမျက်စိရှိ၍ အပြစ်မကျူးလွန်ဘဲ မနေနိုင်ကြ။ ယုံကြည်ခြင်း၌ တည်ငြိမ်ရင့်ကျက်မှုမရှိသေးသောသူတို့ကို ဆွဲဆောင်တတ်ကြ၏။ သူတို့သည် လောဘလွန်ကြူးရာတွင် ကျင်လည်၍ ဘုရားသခင်၏ကျိန်စာသင့်သူများ ဖြစ်ကြ၏။ 15 သူတို့သည် လမ်းဖြောင့်မှ သွေဖယ်၍ မတရားမှုမှ ရရှိသောအခကြေးငွေကို နှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏ လမ်းစဉ်ကို လိုက်ကြ၏။ 16 သို့သော် ဗာလမ်သည် မိမိကျူးလွန်သောအပြစ်အတွက် ဆုံးမခြင်းကို ခံရ၏။ စကားမပြောတတ်သောမြည်းသည် လူ၏အသံနှင့် ပြော၍ ထိုပရောဖက်၏မိုက်မဲမှုကို တားမြစ်လေ၏။ 17 ထိုသူတို့သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်းကြောင့် လွင့်ပါသွားသော မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် အမှောင်မိုက်ဆုံးအမှောင်နေရာကို ပြင်ဆင်ထား၏။ 18 အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။ 19 သူတို့သည် ထိုသူတို့ကို လွတ်လပ်ခွင့်ရမည်ဟု ကတိပေးသော်လည်း သူတို့ကိုယ်တိုင် ပျက်စီးခြင်း၏ကျေးကျွန်များ ဖြစ်ကြ၏။ အကြောင်းမှာ လူသည် မိမိကို အနိုင်ယူစိုးမိုးသောအရာဟူသမျှ၏ ကျွန်ဖြစ်ရသောကြောင့်ဖြစ်၏။ 20 ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်းကြောင့် လောကီညစ်ညမ်းမှုမှ လွတ်ကင်းပြီးနောက် ထိုအရာနှင့် ပြန်လည်ပတ်သက်မိသဖြင့် အနိုင်ယူစိုးမိုးခံရလျှင် ထိုသူတို့၏ အခြေအနေသည် အစကထက် အဆုံးတွင် ပိုမိုဆိုးရွား၏။ 21 ဖြောင့်မတ်ခြင်းတရား လမ်းကို သိပြီးနောက် မိမိတို့အား ပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို စွန့်ပစ်သည်ထက် ထိုတရားလမ်းကို မသိခဲ့ခြင်းက သူတို့အတွက် ပို၍ကောင်း၏။ 22 “ခွေးသည် မိမိအန်ဖတ်ကို ပြန်စားတတ်၏။ ဝက်သည် ရေချိုးပြီးလျှင်ပင် ရွှံ့၌ ပြန်လူးတတ်၏” ဟူသည့် မှန်သောဆိုရိုးစကားသည် ထိုသူတို့၌ ဖြစ်ပျက်လာ၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.