၂ တိ 3 - ခေတ်သစ်မြန်မာ သမ္မာကျမ်းနောက်ဆုံးသော နေ့ရက်များ၏ အခြေအနေ 1 နောက်ဆုံးသောနေ့ရက်များ၌ အလွန်ခက်ခဲသောအချိန် ရှိလိမ့်မည်ဖြစ်ကြောင်း သင်သိထားရမည်။ 2 အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သောသူ၊ ငွေမက်သူ၊ ကြွားဝါတတ်သူ၊ မာနထောင်လွှားသူ၊ စော်ကားပြောဆိုသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ မသန့်ရှင်းသူ၊ 3 သနားကြင်နာစိတ်မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်းပြောသူ၊ စိတ်အလိုလိုက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းမှုကို မုန်းသူ၊ 4 သစ္စာဖောက်သူ၊ ဆင်ခြင်တုံတရားကင်းမဲ့သူ၊ ဘဝင်မြင့်သူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားမှုကို နှစ်သက်သူ၊ 5 ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။ 6 အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ တချို့သည် အိမ်များသို့ လှည့်စားဝင်ရောက်၍ အညှာလွယ်သောအမျိုးသမီးတို့ကို အလွယ်တကူ သိမ်းသွင်းတတ်ကြ၏။ ထိုအမျိုးသမီးတို့သည် အပြစ်ဝန်ပိနေပြီး တပ်မက်မှုအမျိုးမျိုး၏ ဆွဲဆောင်ရာနောက်သို့ လိုက်သူများဖြစ်၏။ 7 ထိုအမျိုးသမီးတို့သည် အခြားသောသွန်သင်မှုများကို အစဉ်အမြဲခံယူသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ နားမလည်ကြ။ 8 ယန္နေနှင့် ယံဗြေတို့သည် မောရှေကို ဆန့်ကျင်သကဲ့သို့ ထိုသူတို့သည်လည်း သမ္မာတရားကို ဆန့်ကျင်ကြ၏။ သူတို့သည် စိတ်ဓာတ်ပျက်ပြား၍ ယုံကြည်ယောင်ဆောင်သူများဖြစ်ကြ၏။ 9 သို့သော် သူတို့သည် များစွာ ရှေ့ဆက်တိုးနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မိုက်မဲမှုသည် ယန္နေနှင့် ယံဗြေတို့၏ မိုက်မဲမှုကဲ့သို့ လူအပေါင်းတို့ရှေ့တွင် ထင်ရှားမည် ဖြစ်သောကြောင့်ပင်။ ကျမ်းစာတော်မှ ရရှိသောအကျိုးကျေးဇူး 10 သို့သော် သင်သည် ကျွန်ုပ်၏သွန်သင်ခြင်း၊ ကျင့်ကြံနေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို သိ၏။ 11 အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။ 12 အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။ 13 ဆိုးညစ်သောသူများနှင့် ယောင်ဆောင်လှည့်ဖြားသူများသည် သူတစ်ပါးကို လှည့်ဖြားပြီး ကိုယ်တိုင်လည်း လှည့်ဖြားခံရလျက် ဆိုးသည်ထက် ပို၍ ဆိုးလာလိမ့်မည်။ 14 သို့သော်လည်း မိမိသင်ယူပြီး ခိုင်မြဲစွာ ယုံကြည်သောအရာများကို ဆက်လက်၍ ယုံကြည်လော့။ ထိုအရာတို့ကို မည်သူ့ထံမှ သင်ယူခဲ့သည်ကို သင်သိ၏။ 15 ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။ 16 ထိုကျမ်းစာအားလုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူပြီး သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဖြောင့်မတ်လာစေရန် ဆုံးမပဲ့ပြင်ခြင်းတို့အတွက် အသုံးဝင်၏။ 17 ဤသည်မှာ ဘုရားသခင်၏လူတို့သည် ကောင်းမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခံရလျက် အရည်အချင်းပြည့်ဝသူ ဖြစ်လာရန်ပင် ဖြစ်၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.