၂ ကော 11 - ခေတ်သစ်မြန်မာ သမ္မာကျမ်းပေါလုနှင့် တမန်တော်အတုအယောင်များ 1 ကျွန်ုပ်၏ အနည်းငယ်သော မိုက်မဲမှုကို သင်တို့သည်းခံပေးလိမ့်မည်ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်ကို သည်းခံပေးကြပါလော့။ 2 ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။ 3 သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။ 4 အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။ 5 ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ထိပ်တန်းတမန်တော်များထက် ညံ့သည်ဟု မယူဆပါ။ 6 ကျွန်ုပ်သည် အဟောအပြောပိုင်း၌ မကျွမ်းကျင်သော်လည်း ခရစ်တော်အကြောင်းနှင့်ဆိုင်သောအသိပညာပိုင်း၌ မချို့တဲ့။ ဤအချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် နည်းအမျိုးမျိုးဖြင့် သင်တို့အား ရှင်းလင်းစွာ ပြောပြထားပြီဖြစ်၏။ 7 သင်တို့ကို ချီးမြှောက်ရန် မိမိကိုယ်ကိုယ် နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းသည် ကျွန်ုပ်အတွက် အပြစ်ဖြစ်သလော။ 8 ကျွန်ုပ်သည် သင်တို့ထံတွင် အမှုတော်ကို ဆောင်ရွက်ရန် လိုအပ်သောအထောက်အပံ့ကို အခြားအသင်းတော်များထံမှ ဓားပြတိုက်သကဲ့သို့ပင် ယူခဲ့၏။ 9 မာကေဒေါနိပြည်မှ လာသော ညီအစ်ကိုတို့သည် ကျွန်ုပ်လိုအပ်သည့်အရာများကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်၌ တစ်စုံတစ်ရာလိုအပ်လျှင် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ ကျွန်ုပ်သည် သင်တို့အတွက် မည်သို့မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကိုယ် သတိနှင့် နေခဲ့၏။ နောင်တွင်လည်း သတိနှင့် နေဦးမည်။ 10 ဤသို့ ကျွန်ုပ်ကြွားဝါသည်ကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ တားဆီး၍ ရမည်မဟုတ်ကြောင်း ခရစ်တော်၏ သမ္မာတရားကျွန်ုပ်၌ ရှိသည်နှင့်အညီ ကျွန်ုပ်ဆို၏။ 11 အဘယ်ကြောင့် ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရသနည်း။ သင်တို့ကို မချစ်သောကြောင့်လော။ သင်တို့ကို ကျွန်ုပ်ချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။ 12 သို့ရာတွင် ကျွန်ုပ်တို့ကဲ့သို့ လုပ်ဆောင်သည်ဟူသော တန်းတူကြွားဝါခွင့်ကို ရလိုသောသူတို့အား ထိုအခွင့်ကို မရစေရန် ဆက်၍ သင်တို့ထံမှ ထောက်ပံ့ငွေကို ကျွန်ုပ်လက်ခံမည်မဟုတ်။ 13 ထိုသူတို့သည် တမန်တော်အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့ကိုယ်မိမိ ခရစ်တော်၏ တမန်တော်များအဖြစ် အယောင်ဆောင်လျက် လှည့်ဖြားသောလုပ်ဆောင်သူများသာ ဖြစ်ကြ၏။ 14 ၎င်းသည် အံ့ဩစရာမဟုတ်။ စာတန်ပင်လျှင် မိမိကိုယ်ကိုယ် အလင်း၏ ကောင်းကင်တမန်အဖြစ် အယောင်ဆောင်တတ်၏။ 15 သို့ဖြစ်၍ စာတန်၏ နောက်လိုက်တို့သည်လည်း ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူများအဖြစ် အယောင်ဆောင်တတ်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံးတွင် သူတို့သည် မိမိတို့ပြုသည့်လုပ်ဆောင်မှုနှင့် ထိုက်သင့်သော ပြစ်ဒဏ်ကို ခံရလိမ့်မည်။ ပေါလုခံရသော ဆင်းရဲဒုက္ခများ 16 ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်သည်ဟု မည်သူမျှ မထင်မှတ်စေရန် ကျွန်ုပ်ထပ်မံ၍ပြောဆို၏။ သို့သော် သင်တို့ထင်မှတ်လျှင်လည်း ကြွားဝါခွင့် အနည်းငယ်ရှိစေရန် ကျွန်ုပ်ကို မိုက်မဲသောသူအဖြစ် လက်ခံကြလော့။ 17 ဤကဲ့သို့ စိတ်ချယုံကြည်မှုဖြင့် ပြောဆိုခြင်းမှာ သခင်ဘုရား၏စံနှုန်းအရ ပြောဆိုခြင်းမဟုတ်။ မိုက်မဲသောသူကဲ့သို့ ကြွားဝါခြင်းဖြစ်၏။ 18 များစွာသောသူတို့သည် လောကီစံနှုန်းအတိုင်း ကြွားဝါကြသောကြောင့် ကျွန်ုပ်သည်လည်း ကြွားဝါမည်။ 19 သင်တို့သည် ပညာရှင်ကြီးများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ကျေနပ်စွာသည်းခံကြ၏။ 20 တစ်စုံတစ်ယောက်က သင်တို့ကို ကျွန်ခံစေသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။ 21 ကျွန်ုပ်တို့သည် သင်တို့အား ထိုသို့ပြုရန် သတ္တိနည်းကြောင်း ကျွန်ုပ်ရှက်ရွံ့စွာ ဝန်ခံပါ၏။ သို့သော် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ရာအတွက် ကြွားဝါဝံ့ပါက ကျွန်ုပ်သည်လည်း ကြွားဝါဝံ့သည်ဟု မိုက်မဲစွာ ဆိုရပေမည်။ 22 သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံ၏ မျိုးဆက်ဖြစ်ကြသလော။ ကျွန်ုပ်သည်လည်းဖြစ်၏။ 23 သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။ 24 ကျွန်ုပ်သည် ဂျူးလူမျိုးခေါင်းဆောင်တို့ထံမှ အချက်ရေသုံးဆယ့်ကိုးချက် ကျာပွတ်ဖြင့်ရိုက်ခြင်းကို ငါးကြိမ် ခံခဲ့ရ၏။ 25 ရောမလူမျိုးတို့ထံမှ ကြိမ်လုံးနှင့် သုံးကြိမ်တိုင်တိုင် အရိုက်ခံခဲ့ရ၏။ ကျောက်ခဲနှင့်ပေါက်ခြင်းကို တစ်ကြိမ် ခံခဲ့ရ၏။ သင်္ဘောပျက်ရာတွင် သုံးကြိမ်ပါ၍ ပင်လယ်ပြင်တွင် တစ်နေ့နှင့်တစ်ည မျောခဲ့ရ၏။ 26 မကြာခဏ ခရီးသွားခဲ့ရာတွင် မြစ်၌ ကြုံတွေ့ရသော ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးချင်းပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့၌ ကြုံတွေ့ရသောဘေး၊ တောကန္တာရ၌ ကြုံတွေ့ရသောဘေး၊ ပင်လယ်၌ ကြုံတွေ့ရသောဘေး၊ ယုံကြည်သူအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။ 27 အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။ 28 ထို့ပြင် အသင်းတော်တို့ကို ဂရုစိုက်ရသဖြင့် နေ့စဉ်စိတ်ဖိစီးလျက် ရှိ၏။ 29 တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။ 30 ကျွန်ုပ်ကြွားဝါရမည်ဆိုလျှင် ကျွန်ုပ်၏အားနည်းချက်ကိုသာ အကြောင်းပြု၍ ကြွားဝါမည်။ 31 ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။ 32 ဒမတ်စကပ်မြို့၌ အာရေတမင်းကြီး ခန့်ထားသောမြို့ဝန်သည် ကျွန်ုပ်ကိုဖမ်းဆီးရန် မြို့တံခါးများတွင် အစောင့်များဖြင့် စောင့်ကြပ်ထားခဲ့၏။ 33 သို့သော် တပည့်တော်တို့သည် ကျွန်ုပ်ကို ခြင်းတောင်းထဲထည့်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့ရိုးပေါ်မှ လျှောချကြသဖြင့် ထိုမြို့ဝန်လက်မှ လွတ်မြောက်ခဲ့၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.