Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

၂ ကော 10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း


ပေါလု ချေပ​ပြောဆိုခြင်း

1 သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။

2 လူ​တချို့​က ကျွန်ုပ်တို့​သည် လောကီ​စံနှုန်း​အတိုင်း ပြုမူနေထိုင်ကြသည်​ဟု ထင်မြင်ကြ၏။ ကျွန်ုပ်​ရောက်လာ​သောအခါ ထို​သူတို့​အား ရဲရင့်ပြတ်သား​စွာ ပြုမူ​ရန် ကြံစည်ထား၏။ သို့သော် သင်တို့​ကိုမူ ထိုသို့​ရဲရင့်ပြတ်သား​စွာ မပြုမူရ​စေရန် ကျွန်ုပ်​တောင်းပန်ပါ၏။

3 ကျွန်ုပ်တို့​သည် လောကီသားများ​အဖြစ် ပြုမူနေထိုင်​သော်လည်း လောကီသားများ​က မိမိတို့​၏ ရန်ဘက်များ​ကို ဆန့်ကျင်​တိုက်ခိုက်​သကဲ့သို့ ကျွန်ုပ်တို့​မတိုက်ခိုက်။

4 တိုက်ပွဲ​တွင် ကျွန်ုပ်တို့ အသုံးပြုသည့်​လက်နက်များ​သည် လောကီသားများ​အသုံးပြုသည့် လက်နက်များ​မဟုတ်။ ခံတပ်များ​ကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်​၏ တန်ခိုးတော်​ပါသော လက်နက်များ​ဖြစ်၏။

5 ကျွန်ုပ်တို့​သည် ဘုရားသခင်​အား သိကျွမ်းသည့်​ဉာဏ်ပညာ​ကို ဆန့်ကျင်သော​မာန်မာန​တိုင်း​ကို ဖြိုဖျက်​၍ လူ့​အတွေးအခေါ်​တိုင်း​ကို ချုပ်နှောင်​ကာ ခရစ်တော်​၏​စကား​ကို နာခံစေကြ၏။

6 သင်တို့​အကြွင်းမဲ့ နာခံကြ​သောအခါ ကျွန်ုပ်တို့​သည် မနာခံသောသူ​အပေါင်းတို့​ကို ပြစ်ဒဏ်ပေး​ရန် အသင့်​ရှိမည်။

7 မျက်စိ​ရှေ့၌ ရှိသော​အရာ​ကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်​က သူ​သည် ခရစ်တော်​၏​လူ​ဖြစ်ကြောင်း ယုံကြည်စိတ်ချ​လျှင် ကျွန်ုပ်တို့​သည်လည်း ထို​သူ​ကဲ့သို့ပင် ခရစ်တော်​၏​လူများ​ဖြစ်ကြောင်း​ကို သူ​သည် ပြန်လည်​ဆင်ခြင်​ပါစေ။

8 ထို့ကြောင့် သင်တို့​ကို ဖြိုဖျက်​ရန်အတွက် မဟုတ်ဘဲ တည်ဆောက်​ရန်အတွက် ကျွန်ုပ်တို့​အား သခင်ဘုရား​ပေးသော အခွင့်အာဏာ​ကို​အကြောင်းပြု​လျက် အနည်းငယ်​ပို၍ ကြွားဝါ​မိ​လျှင်ပင် မရှက်ပါ။

9 ကျွန်ုပ်​သည် သင်တို့​ထံ စာများ​ရေး​၍ ခြိမ်းခြောက်နေသည်​ဟု မထင်​စေလိုပေ။

10 တချို့​က “ပေါလု​၏ စာများ​သည် ဩဇာပါ​၍ အထင်ကြီးဖွယ်​ဖြစ်​သော်လည်း လူချင်းတွေ့​လျှင် သူ​သည် သတ္တိ​နည်း​၍ အဟောအပြော​လည်း ညံ့သည်” ဟု ပြောဆိုတတ်ကြ၏။

11 ထိုသို့ ပြောဆိုသော​သူများ သိမှတ်ရမည်​မှာ ကျွန်ုပ်တို့​သည် အဝေး​တွင် ရှိစဉ်​က စာ​၌ ရေးလိုက်သည့်​စကား​အတိုင်း လူ​ကိုယ်တိုင်​ရောက်ရှိလာ​သောအခါ လုပ်ဆောင်သွားမည့်​အကြောင်း​ပင် ဖြစ်၏။

12 ကျွန်ုပ်တို့​သည် မိမိ​ကိုယ်ကိုယ် ချီးမွမ်းတတ်သော​သူတို့​နှင့် တန်းတူ​သတ်မှတ်​ရန်၊ သို့မဟုတ် နှိုင်းယှဉ်​ရန် မဝံ့ရဲပါ။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် စံထား​ပြီး မိမိကိုယ်ကိုယ် တိုင်းတာ​ကာ အချင်းချင်း​ကြား၌​သာ နှိုင်းယှဉ်​၍ ပညာမဲ့​လျက်​ရှိကြ၏။

13 သို့သော် ကျွန်ုပ်တို့​သည် မိမိတို့​၏ အတိုင်းအတာ​ကို ကျော်လွန်​၍ ကြွားဝါမည်​မဟုတ်။ ကျွန်ုပ်တို့​အား ဘုရားသခင် ပေးအပ်ထားတော်မူသော​နယ်ပယ်​အတွင်း​၌သာ ကြွားဝါမည်။ သင်တို့​သည်လည်း ထို​နယ်ပယ်​အတွင်း​၌ ပါဝင်၏။

14 အကယ်၍ ကျွန်ုပ်တို့​သည် သင်တို့​ထံသို့ မရောက်ခဲ့​သော် ကျွန်ုပ်တို့​သည် အလွန်အကျွံ​နယ်ကျော်နေသည်​ဟု ဆိုနိုင်​သော်လည်း အမှန်​တွင်မူ ကျွန်ုပ်တို့​သည် ခရစ်တော်​၏ သတင်းကောင်း​နှင့်အတူ သင်တို့​ထံသို့ ဦးစွာ ရောက်လာခဲ့ကြသူများ​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် အလွန်အကျွံ​နယ်ကျော်နေသည်​မဟုတ်။

15 ကျွန်ုပ်တို့​သည် မိမိတို့​၏ လုပ်ဆောင်မှု​အတိုင်းအတာ​ကို ကျော်လွန်​၍ အခြားသူတို့​လုပ်ဆောင်ခဲ့သော​အရာ​အပေါ် မကြွားဝါတတ်။ သင်တို့​၏ ယုံကြည်ခြင်း​အားကြီးလာသည်​နှင့်အမျှ ကျွန်ုပ်တို့​၏ လုပ်ငန်း​နယ်ပယ်​ကို သင်တို့​အကြား ပိုမို​တိုးချဲ့​နိုင်ရန် မျှော်လင့်၏။

16 သို့ပြုလျှင် ကျွန်ုပ်တို့​သည် သင်တို့​၏​အရပ်ဒေသ​ကို ကျော်လွန်​၍ အခြား​အရပ်ဒေသများ​၌ သတင်းကောင်း​ကို ဟောပြောနိုင်မည်​ဖြစ်၏။ ကျွန်ုပ်တို့​သည် အခြား​သူတို့​၏ နယ်ပယ်​အတွင်း​၌ ထို​သူတို့​ဆောင်ရွက်ခဲ့ပြီးသော အရာများ​အပေါ် မကြွားဝါလိုပေ။

17 ကျမ်းစာ​၌ “ကြွားဝါ​လို​လျှင် သခင်ဘုရား​လုပ်ဆောင်တော်မူသော​အခြင်းအရာများ​အတွက်​သာ ကြွားဝါစေ” ဟု ဖော်ပြထား၏။

18 အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​နှစ်သက်တော်မူသော​သူ​သည် မိမိကိုယ်ကိုယ် ချီးမွမ်းသော​သူ​မဟုတ်ဘဲ ကိုယ်တော်​က ချီးမွမ်းသော​သူ​ဖြစ်​သောကြောင့်​ပင်​ဖြစ်၏။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း™

မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄

ခွင့်ပြုချက်​ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်း​မူပိုင်ခွင့်များ​ရယူပြီးဖြစ်သည်။

Burmese Contemporary Bible™

Copyright © 1985, 2024 by Biblica, Inc.

Used with permission. All rights reserved worldwide.

Biblica, Inc.
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ