၁ တိ 4 - ခေတ်သစ်မြန်မာ သမ္မာကျမ်းလွဲမှားသောအယူဝါဒများကို သွန်သင်သူများအကြောင်း သတိပေးခြင်း 1 နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။ 2 ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။ 3 သူတို့သည် အိမ်ထောင်မပြုရ ဟူ၍လည်းကောင်း၊ အချို့သောအစားအစာများကို မစားရ ဟူ၍လည်းကောင်း တားမြစ်ကြ၏။ အမှန်တွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက် စားနိုင်ကြစေရန် ထိုအစားအစာများကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။ 4 ဘုရားသခင်ဖန်ဆင်းတော်မူသောအရာအားလုံးသည် ကောင်းသည်ဖြစ်၍ ကျေးဇူးတော်ချီးမွမ်းလျက် စားသုံးသည်ကို မတားမြစ်သင့်ပါ။ 5 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆုတောင်းခြင်းတို့သည် အစားအစာကို သန့်ရှင်းစင်ကြယ်စေသောကြောင့် ဖြစ်၏။ 6 ဤအရာများကို ညီအစ်ကိုမောင်နှမတို့အား ညွှန်ကြားလျှင် သင်သည် သင်ခံယူခဲ့သော ယုံကြည်ခြင်းတရားနှင့် မှန်ကန်သောအယူဝါဒတို့ဖြင့် ပြုစုပျိုးထောင်ခံရပြီး ယေရှုခရစ်တော်၏ အစေခံကောင်းတစ်ဦး ဖြစ်လိမ့်မည်။ ယုံကြည်သူတို့အတွက် စံနမူနာ 7 သင်သည် ဘုရားတရားမဲ့သော၊ ယုတ္တိမရှိသောဒဏ္ဍာရီများကို ရှောင်ကြဉ်၍ ဘုရားတရားကိုင်းရှိုင်းရန် မိမိကိုယ်ကိုယ် လေ့ကျင့်လော့။ 8 ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။ 9 ဤစကားသည် အပြည့်အဝလက်ခံထိုက်သည့် မှန်သောစကား ဖြစ်၏။ 10 သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။ 11 ဤအရာများကို ညွှန်ကြား၍ သွန်သင်လော့။ 12 သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။ 13 ကျွန်ုပ်ရောက်မလာမီ ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်းတို့ကို အားထုတ်ဆောင်ရွက်လော့။ 14 ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။ 15 သင်၏တိုးတက်မှုကို လူတိုင်းမြင်ရစေရန် ထိုအရာများကို စိတ်ရောကိုယ်ပါ အားထုတ်လုပ်ဆောင်လော့။ 16 သင်သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ မိမိသွန်သင်ချက်တို့ကိုလည်းကောင်း သတိပြု၍ ထိုအပေါ်ရပ်တည်လော့။ ထိုသို့ပြုလျှင် မိမိကိုယ်ကိုယ် ကယ်တင်သည်သာမက သင်၏သွန်သင်ချက်ကို နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.