ယာကုပ် 3 - ခေတ်သစ်မြန်မာ သမ္မာကျမ်းလျှာကို ထိန်းချုပ်ခြင်းအကြောင်း 1 ညီအစ်ကိုမောင်နှမတို့… ဆရာဖြစ်ကြသောကျွန်ုပ်တို့သည် အခြားသူတို့ထက် ပို၍ တင်းကျပ်စွာ စီရင်ခံရမည်ကို သင်တို့သိမှတ်လျက် ဆရာဖြစ်လိုသူ မများစေကြနှင့်။ 2 ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။ 3 ဥပမာအားဖြင့် မြင်းကို ဇက်ခွံ့သောအခါ ထိုမြင်းတစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်၍ ကျွန်ုပ်တို့အား နာခံစေနိုင်၏။ 4 သင်္ဘောများကိုလည်း ကြည့်လော့။ ၎င်းတို့သည် ကြီးမား၍ ပြင်းထန်သောလေဟုန်နှင့် လွင့်ပါတတ်သော်လည်း သေးငယ်သောတက်မအားဖြင့် တက်မကိုင် အလိုရှိရာသို့ လှည့်နိုင်၏။ 5 ထိုနည်းတူ လျှာသည် သေးငယ်သည့်အင်္ဂါအစိတ်အပိုင်းဖြစ်သော်လည်း ကြီးကျယ်သောအကြောင်းအရာများကို ကြွားဝါတတ်၏။ အလွန်ကြီးမားသောတောအုပ်ကို အလွန်သေးငယ်သော မီးပွားလေးက လောင်စေနိုင်သည်ကို ဆင်ခြင်လော့။ 6 လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။ 7 လူသည် အမျိုးမျိုးသောသားရဲတိရစ္ဆာန်များ၊ ငှက်များ၊ တွားသွားသတ္တဝါများနှင့် ရေနေသတ္တဝါတို့ကို ယဉ်ပါးစေနိုင်၏။ ယဉ်ပါးအောင်လည်း ပြုခဲ့ပြီ။ 8 သို့သော် လျှာကိုမူ မည်သူမျှ မယဉ်ပါးစေနိုင်။ လျှာသည် ထိန်းချုပ်မရအောင် ဆိုးရွားပြီး သေစေတတ်သော အဆိပ်နှင့် ပြည့်နှက်၏။ 9 ကျွန်ုပ်တို့သည် လျှာဖြင့် ကျွန်ုပ်တို့၏ သခင်ဖြစ်တော်မူသော ခမည်းတော်ကို ချီးမွမ်း၍ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို ထိုလျှာဖြင့် ကျိန်ဆဲကြ၏။ 10 နှုတ်တစ်ခုတည်းမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကိုမောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။ 11 စမ်းရေပေါက်တစ်ခုတည်းမှ ရေချိုနှင့် ရေခါး စီးထွက်တတ်သလော။ 12 ညီအစ်ကိုမောင်နှမတို့… သဖန်းပင်သည် သံလွင်သီးကို သီးနိုင်သလော။ စပျစ်နွယ်ပင်သည် သဖန်းသီးကို သီးနိုင်သလော။ ရေငန်စမ်းသည်လည်း ရေချိုကို မထွက်စေနိုင်ပါ။ ကောင်းကင်မှ ဉာဏ်ပညာ 13 သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ပညာမှလာသော နူးညံ့သိမ်မွေ့မှုဖြင့် လုပ်ဆောင်သည့် အကျင့်အားဖြင့် ကောင်းသောပြုမူနေထိုင်ပုံဖြင့် သက်သေပြစေ။ 14 သို့သော် သင်တို့၏ နှလုံးသားထဲတွင် ခါးသီးသော မနာလိုစိတ်နှင့် တစ်ကိုယ်ကောင်းစိတ်တို့ရှိလျှင် သမ္မာတရားကို ဆန့်ကျင်၍ သင်တို့၏ ဉာဏ်ပညာအကြောင်းကို မကြွားဝါနှင့်။ 15 ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။ 16 အဘယ်ကြောင့်ဆိုသော် မနာလိုစိတ်၊ တစ်ကိုယ်ကောင်းစိတ်တို့ ရှိသည့်နေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့် ဆိုးယုတ်သောအပြုအမူအမျိုးမျိုး ရှိတတ်သောကြောင့် ဖြစ်၏။ 17 ကောင်းကင်ဘုံမှ ဆင်းသက်လာသော ဉာဏ်ပညာသည် ပထမဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှုကို မြတ်နိုး၏။ ထောက်ထားညှာတာတတ်၏။ သဟဇာတဖြစ်တတ်၏။ ကရုဏာတရားနှင့် ကောင်းကျိုးတို့ဖြင့် ပြည့်စုံ၏။ မျက်နှာမလိုက်တတ်။ ဟန်ဆောင်မှုကင်း၏။ 18 ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.