Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

မဿဲ 24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း


အနာဂတ်​အကြောင်း ကြိုတင်​ဟောတော်မူခြင်း

1 ယေရှု​သည် ဗိမာန်တော်​မှ ထွက်ကြွတော်မူ​စဉ် တပည့်တော်တို့​သည် ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ ဗိမာန်တော်​အဆောက်အအုံများ​ကို ညွှန်ပြကြ၏။

2 ထိုအခါ ယေရှု​က “ဤ​အဆောက်အအုံများ​ကို သင်တို့​မြင်ကြသည် မဟုတ်လော။ သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အဆောက်အအုံများ​သည် အကုန်အစင်​ဖြိုဖျက်​ခံရ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်နေ​လိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။

3 ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။

4 ယေရှု​က “သင်တို့​ကို မည်သူမျှ မလှည့်ဖြား​စေရန် သတိပြုကြလော့။

5 အဘယ်ကြောင့်ဆိုသော် လူ​များစွာတို့​က ‘ငါ​သည် ခရစ်တော်​ဖြစ်၏’ ဟု ငါ့​အယောင်ဆောင်​လျက် ရောက်လာကြ​လိမ့်မည်။ လူ​များစွာ​ကိုလည်း လှည့်ဖြားကြ​လိမ့်မည်။

6 သင်တို့​သည် စစ်ပွဲများ​နှင့် စစ်ဖြစ်မည့်​သတင်းများ​အကြောင်း ကြားကြ​လိမ့်မည်။ သို့ရာတွင် မတုန်လှုပ်ကြနှင့်။ ထို​အရာများ​အားလုံး​သည် ဖြစ်ပျက်​ရမည်။ သို့သော် ကမ္ဘာ​ကုန်ဆုံးချိန်​သည် မကျရောက်သေးပါ။

7 လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ အချင်းချင်း​ပုန်ကန်​၍ စစ်​ဖြစ်ကြ​လိမ့်မည်။ ကမ္ဘာ့​နေရာ​အနှံ့အပြား​တွင် အစာခေါင်းပါးခြင်း​နှင့် ငလျင်လှုပ်ခြင်းများ ဖြစ်​လိမ့်မည်။

8 သို့သော် ထို​အရာများ​အားလုံး​သည် ကျရောက်လာမည့် ကြောက်မက်ဖွယ်သော​ဆင်းရဲဒုက္ခများ​၏ အစ​မျှသာ​ဖြစ်၏။

9 ထို့နောက် သင်တို့​သည် ငါ​၏ နောက်လိုက်များ​ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း​တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း​နှင့် မုန်းတီးခြင်း​ကို ခံကြရ​လိမ့်မည်။

10 ထိုကာလ​၌ လူများစွာတို့​သည် ယုံကြည်ခြင်း​မှ လမ်းလွဲ​၍ အချင်းချင်း သစ္စာဖောက်​လျက် မုန်းတီးကြ​လိမ့်မည်။

11 ပရောဖက်​အတုအယောင်​များစွာ ပေါ်လာ​၍ လူ​များစွာ​တို့​ကို လှည့်ဖြားကြ​လိမ့်မည်။

12 နေရာတိုင်း​၌ မတရားမှု​ပြုသောသူတို့​သည် များပြားလာ​သောကြောင့် လူများစွာတို့​၏ ချစ်ခြင်းမေတ္တာ​သည်လည်း ခေါင်းပါးလာ​လိမ့်မည်။

13 သို့ရာတွင် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။

14 နိုင်ငံတော်​နှင့်​ဆိုင်သော သတင်းကောင်း​ကို ကမ္ဘာတစ်ဝန်းလုံး​တွင် ဟောပြောကြ​၍ လူမျိုး​အပေါင်းတို့​သည်လည်း ထို​သတင်းကောင်း​ကို ကြားကြ​လိမ့်မည်။ ထို့နောက်​မှ ကမ္ဘာ​ကုန်ဆုံးချိန်​သည် ရောက်လာ​လိမ့်မည်။

15 ထို့ကြောင့် ပရောဖက်​ဒံယေလ ဟောပြောခဲ့​သည့် ဖျက်ဆီးတတ်သည့် စက်ဆုပ်ရွံ့ရှာဖွယ်သော​အရာ​သည် သန့်ရှင်းသော​နေရာ​၌ ရှိနေသည်​ကို သင်တို့​တွေ့မြင်ရမည့်​နေ့ရက် ရောက်လာ​လိမ့်မည်။ (ဤ​အချက်​ကို စာဖတ်သူ သတိပြုမိပါစေ။)

16 ထို့နောက် ယုဒပြည်​တွင် ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။

17 လသာဆောင်​ပေါ်တွင် ရှိသော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်းများ​ကို မယူဘဲ အောက်​သို့ ဆင်း​၍ ထွက်ပြေး​ရမည်။

18 လယ်​၌ ရှိသော​သူ​သည်လည်း သူ​၏ ဝတ်ရုံ​ကို ပြန်လှည့်​မယူဘဲ ထွက်ပြေး​ရမည်။

19 ထို​နေ့ရက်များ​တွင် ကိုယ်ဝန်ဆောင်​အမျိုးသမီးများ​နှင့် နို့စို့ကလေးငယ်​ရှိသော​မိခင်များ​သည် အလွန်​ဒုက္ခရောက်ကြ​လိမ့်မည်။

20 သင်တို့ ထွက်ပြေး​ကြရမည့် အချိန်​သည် ဆောင်းကာလ မဖြစ်​စေရန်၊ သို့မဟုတ် ဥပုသ်နေ့ မဖြစ်​စေရန် ဆုတောင်းကြလော့။

21 အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦး​မှစ၍ ယခု​အချိန်​အထိ မဖြစ်စဖူး၊ နောင်​တွင်လည်း မည်သည့်​အခါမျှ ကြုံတွေ့ရမည်​မဟုတ်သည့် အလွန်​ဆိုးရွားသော​ဆင်းရဲဒုက္ခ​သည် ထို​ကာလ​၌ ကျရောက်​မည်​ဖြစ်​သောကြောင့်ပင်။

22 အကယ်၍ သခင်ဘုရား​သည် ထို​နေ့ရက်ကာလများ​ကို တိုတောင်းစေတော်မမူ​လျှင် မည်သူ​မျှ အသက်ဘေး​မှ လွတ်နိုင်မည်​မဟုတ်။ သို့ရာတွင် ကိုယ်တော်​သည် မိမိ​ရွေးချယ်ထားတော်မူသော​သူများ​အတွက် ထို​နေ့ရက်များ​ကို တိုတောင်းစေတော်မူမည်။

23 ထိုအခါ တစ်စုံတစ်ဦး​က သင်တို့​အား ‘ကြည့်လော့။ ဤ​နေရာ​တွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထို​နေရာ​တွင် ခရစ်တော်​ရှိသည်’ ဟု ဆို​သော်လည်း မယုံကြနှင့်။

24 အဘယ်ကြောင့်ဆိုသော် ခရစ်တော်​အတုအယောင်များ​နှင့် ပရောဖက် အတုအယောင်များ ပေါ်လာ​လိမ့်မည်​ဖြစ်​သောကြောင့်ပင်။ ထို​သူတို့​သည် ဖြစ်နိုင်​လျှင် ဘုရားသခင်​ရွေးချယ်ထားသော​သူများ​ကိုပင် လှည့်ဖြား​ရန် နိမိတ်​လက္ခဏာကြီးများ​နှင့် အံ့ဖွယ်​ဖြစ်ရပ်များ​ကို ပြကြ​လိမ့်မည်။

25 သတိပြုကြလော့။ ထို​အရာများ​မဖြစ်ပွား​မီ ငါ​သည် သင်တို့​အား ကြိုတင်​သတိပေး​နှင့်ပြီ။

26 ထို့ကြောင့် တစ်စုံတစ်ဦး​က သင်တို့​ကို ‘ကြည့်လော့။ ခရစ်တော်​သည် တောကန္တာရ​တွင် ရှိသည်’ ဟု ဆိုလျှင်​လည်း သွားမကြည့်ကြနှင့်။ ‘ကြည့်လော့။ ဤ​နေရာ​၌ ပုန်းနေသည်’ ဟု ဆိုလျှင်​လည်း မယုံကြနှင့်။

27 လျှပ်စီး​သည် ကောင်းကင်​အရှေ့ဘက်​မှ လက်​၍ အနောက်ဘက်​တိုင်အောင် ထွန်းလင်း​သကဲ့သို့ လူသား ကြွလာ​သောအခါ​၌လည်း ထိုကဲ့သို့ ဖြစ်​လိမ့်မည်။

28 ဆိုရိုးစကား​ရှိသည့်​အတိုင်း အသေကောင်​ရှိရာ​အရပ်​၌ လင်းတများ စုဝေးတတ်ကြ၏။

29 ဆင်းရဲဒုက္ခ​ခံရမည့် ထို​နေ့ရက်များ ကုန်ဆုံး​ပြီးနောက် နေမင်း​သည် ချက်ချင်း​မှောင်မိုက်​၍ လ​သည် အလင်းရောင်​ကို မပေးဘဲ​နေ​လိမ့်မည်။ ကြယ်တို့​သည်လည်း ကောင်းကင်​မှ ကြွေကျ​၍ ကောင်းကင်​တန်ခိုးတို့​သည် တုန်လှုပ်ကြ​လိမ့်မည်။

30 ထို​အရာများ​ပြီးမှ နောက်ဆုံး​တွင် လူသား​ကြွလာ​မည့် နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ပေါ်လာ​လိမ့်မည်။ ကမ္ဘာ​ပေါ်ရှိ လူမျိုး​အပေါင်းတို့​သည်လည်း ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထိုအခါ လူသား​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။

31 ထို့နောက် လူသား​သည် သူ​၏ ကောင်းကင်တမန်များ​ကို ကျယ်လောင်သော တံပိုးခရာ​မှုတ်သံ​နှင့်အတူ စေလွှတ်တော်မူ​လိမ့်မည်။ ကောင်းကင်တမန်များ​သည် ကောင်းကင်​နှင့်​မြေကြီး​အရှေ့​စွန်း​မှသည် အနောက်​စွန်း​တိုင်အောင် အရပ်လေးမျက်နှာ​မှ ကိုယ်တော်​ရွေးချယ်ထားသော​သူတို့​ကို စုစည်း​လိမ့်မည်။

32 သဖန်းပင်​မှ သင်ခန်းစာ ယူကြလော့။ သဖန်းပင်​တွင် အကိုင်းအခက်​သစ်များ​ထွက်လာ​၍ ရွက်နုများ ထွက်ပြူလာ​သောအခါ နွေကာလ ရောက်လု​နီးပြီ​ဖြစ်ကြောင်း​ကို သင်တို့​သိကြ၏။

33 ထို​နည်းတူ ဖော်ပြခဲ့သော​အခြင်းအရာများ​အားလုံး​ကို သင်တို့​မြင်ရ​သောအခါ လူသား​သည် တံခါးဝ​အနီး​သို့ ရောက်နေပြီ​ဖြစ်ကြောင်း​ကို သိမှတ်ကြလော့။

34 သင်တို့​အား ငါ​အမှန်​ဆို၏။ ဤ​အရာများ​အားလုံး မဖြစ်ပျက်​မီ​အချိန်​ထိ ယခု​ရှိသော​မျိုးဆက် ကွယ်ပျောက်​လိမ့်မည်​မဟုတ်ပေ။

35 ကောင်းကင်​နှင့်​မြေကြီး တည်မြဲမည်​မဟုတ်​သော်လည်း ငါ့​စကား တည်မြဲ​လိမ့်မည်။

36 သို့သော် ထို​အရာများ​သည် မည်သည့်​နေ့ရက်၊ မည်သည့်​အချိန်နာရီ​၌ ဖြစ်ပျက်​လာမည်​ကို မည်သူမျှ မသိ။ ကောင်းကင်ဘုံ​ရှိ ကောင်းကင်တမန်များ​လည်း မသိ။ သားတော်​လည်း မသိ။ ခမည်းတော်​တစ်ပါးတည်း​သာလျှင် သိတော်မူ၏။

37 လူသား​သည် ပြန်ကြွလာ​သောအခါ နောဧ လက်ထက်​၌ ဖြစ်ပျက်​သကဲ့သို့ ဖြစ်ပျက်​လိမ့်မည်။

38 ရေလွှမ်းမိုးခြင်း​မတိုင်မီ ကာလ​၌ နောဧ​သည် သင်္ဘော​ထဲသို့ ဝင်သည့်​နေ့​တိုင်အောင် လူတို့​သည် စားသောက်ပွဲများ၊ ထိမ်းမြားစုံဖက်ခြင်းများ​တို့​ဖြင့် ပျော်ပါးနေကြ၏။

39 ရေလွှမ်းမိုး​၍ သေကျေ​ပျက်စီးသည့်​အချိန်​တိုင်အောင် သူတို့​သည် သတိကင်းမဲ့​လျက် နေကြ၏။ လူသား​ကြွလာသော​အခါ​၌လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်။

40 ထိုအခါ လယ်​ထဲတွင် လုပ်သား​နှစ်ဦး​ရှိသည့်​အနက် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။

41 ကြိတ်ဆုံ​ကြိတ်နေသော အမျိုးသမီး​နှစ်ဦး​တွင် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။

42 ထို့ကြောင့် သင်တို့​သည်လည်း သင်တို့​၏ သခင်ဘုရား​သည် မည်သည့်​နေ့​၌ ကြွလာမည်​ကို မသိကြ​သောကြောင့် သတိ​နှင့် စောင့်နေကြလော့။

43 အကယ်၍ အိမ်ရှင်​သည် သူခိုး​လာမည့်​အချိန်​ကို အတိအကျ​သိထား​လျှင် သူ​သည် သတိ​နှင့်​စောင့်နေ​လျက် မိမိ​အိမ်​ကို ဖောက်ထွင်းခွင့်​ပြုမည်​မဟုတ်ကြောင်း​ကို သင်တို့​သိကြ၏။

44 ထို့ကြောင့် လူသား​သည် သင်တို့ မထင်မှတ်ထားသော​အချိန်​တွင် ကြွလာမည်​ဖြစ်​၍ သင်တို့​သည်လည်း အဆင်သင့်​ရှိနေကြလော့။

45 သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​အစေခံ​သည် မည်သူနည်း။ ထို​သူ​မှာ အိမ်သူအိမ်သားများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ ဖြစ်၏။

46 သခင်​သည် ပြန်လာ​သောအခါ ထိုသို့ အလုပ်​လုပ်နေသော အစေခံ​ကို တွေ့မြင်​လျှင် ထို​အစေခံ​သည် မင်္ဂလာရှိ၏။

47 သင်တို့​အား ငါ​အမှန်​ဆို၏။ သခင်​သည် ထို​အစေခံ​အား စည်းစိမ်ဥစ္စာ​ရှိသမျှ​ကို စီမံကွပ်ကဲ​ရန် ခန့်အပ်​လိမ့်မည်။

48 သို့ရာတွင် အစေခံ​သည် ဆိုးသွမ်း​၍ ‘ငါ​၏​သခင်​သည် အိမ်ပြန်​နောက်ကျ​လိမ့်မည်’ ဟု စိတ်​တွင်​ထင်မှတ်​ပြီး

49 အခြားသော​အစေခံ​ယောက်ျား၊ အစေခံ​မိန်းမတို့​အား ရိုက်နှက်​ကာ သောက်စားမူးယစ်​လျက်​နေလျှင်

50 သူ​၏​သခင်​သည် သူ​မျှော်လင့်​မထားသော​အချိန်​နှင့် သူ​မသိသော​နေ့ရက်​တွင် ရောက်လာ​လိမ့်မည်။

51 ထိုအခါ သူ့​အား ပြင်းထန်​စွာ ပြစ်ဒဏ်ပေး​၍ သူတော်ကောင်း​ယောင်ဆောင်သူများ​နှင့်အတူ နေရာချထား​လိမ့်မည်။ ထို​နေရာ​၌ သူ​သည် အံကြိတ်​၍ ငိုကြွေးရ​လိမ့်မည်။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း™

မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄

ခွင့်ပြုချက်​ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်း​မူပိုင်ခွင့်များ​ရယူပြီးဖြစ်သည်။

Burmese Contemporary Bible™

Copyright © 1985, 2024 by Biblica, Inc.

Used with permission. All rights reserved worldwide.

Biblica, Inc.
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ