မဿဲ 20 - ခေတ်သစ်မြန်မာ သမ္မာကျမ်းစပျစ်ခြံလုပ်သားများ ပုံဥပမာ 1 ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ မြေရှင်တစ်ဦးသည် မိမိ၏စပျစ်ခြံအတွက် လုပ်သားများငှားရန် နံနက်စောစော ထွက်သွား၏။ 2 ထိုသူသည် လုပ်သားတို့အား နေ့စားခငွေဒင်္ဂါးတစ်ပြား ပေးရန် သဘောတူပြီးနောက် မိမိစပျစ်ခြံသို့ စေလွှတ်လိုက်၏။ 3 ထို့နောက် နံနက်ကိုးနာရီအချိန်တွင် အပြင်သို့ ထွက်လာရာ လူတချို့သည် အလုပ်မရှိဘဲ ဈေး၌ ရပ်နေကြသည်ကို တွေ့မြင်လေ၏။ 4 ထို့ကြောင့် ထိုသူတို့အား ‘သင်တို့သည်လည်း စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ။ ထိုက်သင့်ငွေကို ငါပေးမည်’ ဟု ဆိုသဖြင့် ထိုသူတို့သည် သွားကြ၏။ 5 မွန်းတည့်ချိန်နှင့် မွန်းလွဲသုံးနာရီခန့်တွင် ထွက်၍ ထိုနည်းတူပြုလေ၏။ 6 ညနေငါးနာရီခန့်တွင် ထွက်ပြန်လျှင် လူတချို့သည် အလုပ်မရှိဘဲရပ်နေသည်ကို တွေ့မြင်သဖြင့် ‘သင်တို့သည် အဘယ်ကြောင့် တစ်နေ့လုံးအလုပ်မရှိဘဲ ဤနေရာတွင် ရပ်နေကြသနည်း’ ဟု မေး၏။ 7 ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။ 8 ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။ 9 ညနေငါးနာရီခန့်တွင် အလုပ်ဝင်သည့်သူများ ရောက်လာသော် စီမံခန့်ခွဲရေးမှူးသည် ထိုသူတို့အား ငွေဒင်္ဂါးတစ်ပြားစီ ပေးလေ၏။ 10 ဦးစွာအလုပ်ဝင်သူများသည် ရောက်လာပြီးလျှင် မိမိတို့သည် ပို၍ ရမည်ဟု ထင်မှတ်ကြ၏။ သို့သော် သူတို့သည်လည်း ငွေဒင်္ဂါးတစ်ပြားစီပင် ရကြ၏။ 11 ထိုသူတို့သည် လုပ်အားခကို လက်ခံရရှိသောအခါ မြေရှင်အပေါ် မကျေမနပ်ဖြစ်လျက် 12 ‘နောက်မှ အလုပ်ဝင်သော ဤသူတို့သည် တစ်နာရီသာ လုပ်ဆောင်ကြ၏။ ကျွန်ုပ်တို့သည် တစ်နေ့လုံး နေပူထဲတွင် ပင်ပန်းစွာ လုပ်ဆောင်ကြရပါ၏။ သို့သော် အရှင်သည် သူတို့အား ကျွန်ုပ်တို့နှင့် ညီတူညီမျှပေးလေပြီ’ ဟု ပြောဆိုကြ၏။ 13 ထိုအခါ မြေရှင်က သူတို့အထဲမှတစ်ဦးအား ‘မိတ်ဆွေ… ငါသည် သင့်အပေါ် မတရားမလုပ်ပါ။ တစ်နေ့လျှင် ငွေဒင်္ဂါးတစ်ပြားနှင့် အလုပ်လုပ်ရန် သင်သဘောတူခဲ့သည်မဟုတ်လော။ 14 သင်ရထိုက်သည့်လုပ်အားခကို ယူ၍ ပြန်လော့။ နောက်မှ ဝင်သောသူတို့ကိုလည်း သင့်ကို ပေးသကဲ့သို့ ငါပေးလို၏။ 15 ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။ 16 ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။ အသေခံတော်မူမည့်အကြောင်းကို ထပ်မံ၍ ကြိုတင်ဟောတော်မူခြင်း 17 ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူစဉ် လမ်း၌ တပည့်တော်ဆယ့်နှစ်ပါးကို ဘေးသို့သီးခြားခေါ်၍ 18 “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားလျက်ရှိ၏။ ထိုမြို့တွင် လူသားသည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် ကျမ်းတတ်ဆရာများ၏လက်သို့ အပ်နှံခြင်းခံရမည်။ သူတို့သည် သူ့ကို သေဒဏ်ပေးကြလိမ့်မည်။ 19 လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ သူတစ်ပါးကို အစေခံခြင်းအကြောင်း သွန်သင်တော်မူခြင်း 20 ထို့နောက် ဇေဗေဒဲ၏ဇနီးသည် သားနှစ်ယောက်နှင့်အတူ ယေရှုထံသို့ လာ၍ ရှေ့တော်တွင် ဒူးထောက်လျက် ကျေးဇူးပြုတော်မူရန် လျှောက်လေ၏။ 21 ထိုအခါ ယေရှုက “မည်သည့်အရာကို တောင်းလိုသနည်း” ဟု မေးတော်မူ၏။ သူက “ကိုယ်တော်၏နိုင်ငံတော်တွင် ကျွန်မ၏ သားနှစ်ယောက်ကို ကိုယ်တော်၏လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ယာတော်ဘက်၌တစ်ယောက် ထိုင်ခွင့်ပေးတော်မူပါ” ဟု လျှောက်၏။ 22 ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။ 23 ယေရှုက “သင်တို့သည် ငါ၏ခွက်ကို အမှန်သောက်ကြရမည်။ သို့ရာတွင် ငါ၏ လက်ဝဲနှင့်လက်ယာ တစ်ဖက်စီ၌ ထိုင်ခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာများကို ငါ၏ ခမည်းတော်သည် မိမိရွေးချယ်တော်မူသောသူများအတွက် ပြင်ဆင်တော်မူ၏” ဟု မိန့်တော်မူ၏။ 24 ထိုအကြောင်းကို ကျန်တပည့်တော်ဆယ်ပါးတို့ ကြားသောအခါ ထိုညီအစ်ကိုနှစ်ဦးကို ဒေါသထွက်ကြ၏။ 25 သို့သော်လည်း ယေရှုသည် တပည့်တော်တို့ကို မိမိထံ ခေါ်လျက် “လူမျိုးခြားများ၏အစိုးရမင်းတို့သည် လူများအပေါ် အုပ်စိုးခြယ်လှယ်တတ်ကြ၏။ အကြီးအမှူးတို့သည်လည်း မိမိလက်အောက်တွင်ရှိသော လူများအပေါ် အာဏာပြတတ်ကြ၏။ 26 သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။ 27 အထွတ်အမြတ်ဖြစ်လိုသောသူသည် သင်တို့၏ ကျွန်ဖြစ်ရမည်။ 28 လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။ မျက်မမြင်နှစ်ဦးတို့ကို မျက်စိမြင်စေတော်မူခြင်း 29 ယေရှုနှင့် တပည့်တော်များသည် ဂျေရိခေါမြို့မှ ထွက်ခွာသောအခါ လူအုပ်ကြီးသည် နောက်တော်သို့ လိုက်ကြ၏။ 30 ထိုအရပ်တွင် မျက်မမြင်နှစ်ဦးတို့သည် လမ်းဘေး၌ ထိုင်နေကြ၏။ သူတို့သည် ယေရှုကြွသွားတော်မူကြောင်း ကြားသောအခါ “ဒါဝိဒ်မင်း၏ သားတော် သခင်… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု အော်ဟစ်ကြ၏။ 31 လူထုက ထိုသူတို့အား တိတ်ဆိတ်စွာနေရန် ဆူငေါက်ကြသော်လည်း သူတို့က “ဒါဝိဒ်မင်း၏ သားတော် သခင်… အကျွန်ုပ်တို့ကို သနားတော်မူပါ” ဟု ပို၍အော်ဟစ်ကြ၏။ 32 ယေရှုသည် ရပ်တော်မူ၍ သူတို့အား ခေါ်ကာ “သင်တို့အတွက် မည်သို့ပြုစေလိုသနည်း” ဟု မေးတော်မူ၏။ 33 သူတို့က “သခင်… အကျွန်ုပ်တို့၏ မျက်စိကို မြင်စေတော်မူပါ” ဟု လျှောက်ကြ၏။ 34 ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.