ဗျာဒိတ် 18 - ခေတ်သစ်မြန်မာ သမ္မာကျမ်းဘေဘီလုံမြို့ ပြိုပျက်ခြင်း 1 ထို့နောက် အခြားကောင်းကင်တမန်တစ်ပါးသည် ကြီးမားသောအခွင့်အာဏာနှင့်အတူ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ ကမ္ဘာမြေကြီးသည်လည်း သူ၏အရောင်အဝါဖြင့် ထွန်းလင်းနေ၏။ 2 ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။ 3 လူမျိုးအပေါင်းတို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းဟူသည့် သူ၏စပျစ်ဝိုင်ကို သောက်ကြပြီ။ လောကီဘုရင်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းကို သူနှင့် ကျူးလွန်ကြ၏။ လောကီကုန်သည်တို့သည်လည်း သူ၏ အလွန်အကျွံစည်းစိမ်ခံစားလိုသောဆန္ဒကြောင့် ကြီးပွားချမ်းသာလာကြပြီ” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်၏။ 4 ထို့နောက် ကောင်းကင်ဘုံမှ အခြားအသံကို ကျွန်ုပ်ကြားရသည်မှာ “ငါ၏လူမျိုးတို့… ထိုမြို့မှ ထွက်ခဲ့ကြလော့။ ဤသည်မှာ သင်တို့သည် ထိုမြို့၏ အပြစ်ကျူးလွန်မှု၌ မပါဝင်မိစေရန်နှင့် ထိုမြို့၌ ကျရောက်မည့် ဘေးဒဏ်ကို မခံရစေရန်ဖြစ်၏။ 5 သူ၏ အပြစ်များသည် ကောင်းကင်အထိ စုပုံ၍ မြင့်မားနေသောကြောင့် သူ၏ ပြစ်မှုကျူးလွန်ခြင်းတို့ကို ဘုရားသခင်သတိရတော်မူပြီ။ 6 သူတစ်ပါးကို သူပြုခဲ့သည့်အတိုင်း သူ့အား ပြန်၍ ပြုကြလော့။ သူပြုမူခဲ့သည့်အရာအတွက် နှစ်ဆတိုး၍ တုံ့ပြန်ကြလော့။ သူရောစပ်ပေးသည့် ခွက်၌ သူ့အတွက် နှစ်ဆတိုး၍ ရောစပ်ပေးကြလော့။ 7 သူသည် မိမိကိုယ်ကိုယ် ချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အညီ သူ့ကို ညှဉ်းဆဲ၍ ဝမ်းနည်းပူဆွေးစေကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားကဲ့သို့ အုပ်စိုး၏။ ငါသည် မုဆိုးမ မဟုတ်။ ငါသည် မည်သည့်အခါမျှ ဝမ်းနည်းပူဆွေးရမည် မဟုတ်’ ဟု မိမိစိတ်ထဲ၌ ပြောဆိုသောကြောင့်ဖြစ်၏။ 8 သို့ဖြစ်၍ သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်းတို့သည် သူ့အပေါ်သို့ တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ မီးသည် သူ့ကို လောင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို တရားစီရင်တော်မူသောအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သည်” ဟူ၍ဖြစ်၏။ 9 သူနှင့်အတူ တရားနှင့်မညီသော မေထုန်ကိုပြု၍ စည်းစိမ်ခံစားခဲ့သော လောကီဘုရင်တို့သည် သူ့အား လောင်ကျွမ်းသည့်မီးမှ မီးခိုးကို မြင်သောအခါ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 10 သူတို့သည် သူခံရသောညှဉ်းဆဲမှုကို ကြောက်၍ အဝေးမှ ရပ်လျက် “အလိုလေး… ကြီးမြတ်သောဘေဘီလုံ… တန်ခိုးကြီးသောမြို့… ဖြစ်ရလေချင်း။ သင်ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် တစ်ခဏချင်း၌ပင် ရောက်လေပြီ” ဟု ငိုကြွေးကြလိမ့်မည်။ 11 လောကီကုန်သည်များသည်လည်း သူတို့၏ ကုန်ပစ္စည်းများကို ဝယ်ယူမည့်သူတစ်ယောက်မျှ မရှိတော့သဖြင့် သူ့အတွက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 12 သူတို့၏ကုန်ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေးအမျိုးမျိုး၊ ဆင်စွယ်တန်ဆာအမျိုးမျိုး၊ အဖိုးတန်သစ်အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊ 13 သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွားတိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များနှင့် လူ့အသက်တို့ပင် ဖြစ်ကြ၏။ 14 “သင်တပ်မက်သော အရာများသည် သင့်ထံမှ ပျောက်ကွယ်သွားပြီ။ သင်၏ ဇိမ်ခံပစ္စည်းများနှင့် တောက်ပြောင်သောအရာများသည်လည်း ပျောက်ဆုံးသွားကြပြီ။ မည်သည့်အခါမျှ တွေ့ရတော့မည်မဟုတ်။” 15 ထိုမြို့ကို အမှီပြု၍ အဆိုပါပစ္စည်းများကို ရောင်းဝယ်ခြင်းဖြင့် ချမ်းသာလာကြသော ကုန်သည်များသည် ထိုမြို့ခံရသည့် ညှဉ်းဆဲမှုကို ကြောက်ရွံ့၍ အဝေးတွင် ရပ်လျက် 16 “အလိုလေး… ဖြစ်ရလေချင်း။ ပိတ်ချောထည်၊ ခရမ်းရောင်အထည်၊ ဖဲနီထည်တို့ကို ဝတ်ဆင်လျက် ရွှေ၊ ကျောက်မျက်ရတနာနှင့် ပုလဲတို့ကို ဆင်မြန်းသော မြို့ကြီး… 17 ဤမျှလောက် ကြွယ်ဝသော သင်၏ စည်းစိမ်တို့သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ကုန်သင်္ဘောမှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများနှင့် ပင်လယ်ကုန်သည်အပေါင်းတို့သည် အဝေးတွင်ရပ်လျက် 18 သူ့အား လောင်ကျွမ်း၍ တက်လာသော မီးခိုးတို့ကို ကြည့်ကာ “ဤမြို့ကဲ့သို့ ခမ်းနားသောမြို့ ဘယ်မှာရှိတော့မည်နည်း” ဟု အော်ဟစ်ကြ၏။ 19 သူတို့သည် ဖုန်မှုန့်များကို မိမိတို့၏ ခေါင်းပေါ်တွင် ကြဲပြီး “အလိုလေး… ဖြစ်ရလေချင်း။ မိမိ၏စည်းစိမ်ဥစ္စာများကြောင့် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များကို ချမ်းသာစေခဲ့သော မြို့ကြီး… သင်သည် တစ်ခဏချင်း၌ ပျက်စီးလေပြီ” ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 20 အို ကောင်းကင်ဘုံသားတို့… ထိုမြို့၏ပျက်စီးခြင်းအတွက် ဝမ်းမြောက်ကြလော့။ အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။ သင်တို့အပေါ် ပြုခဲ့သည့်အမှုအတွက် ဘုရားသခင်သည် ထိုမြို့ကို တရားစီရင်တော်မူပြီ။ 21 ထို့နောက် တန်ခိုးကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်တုံးကြီးတစ်တုံးကို ယူ၍ ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီးလျှင် “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ပင် ပြင်းထန်စွာ ပစ်ချခံရပြီး မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။ 22 စောင်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့၏ တီးမှုတ်သံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ အမျိုးမျိုးသော လက်မှုအတတ်ပညာရှင်များကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ တွေ့ရတော့မည် မဟုတ်။ ကြိတ်ဆုံသံများကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ 23 ဆီမီးအလင်းသည်လည်း သင့်ထဲ၌ မည်သည့်အခါမျှ ထွန်းလင်းတော့မည် မဟုတ်။ သတို့သားနှင့် သတို့သမီးတို့၏ ပျော်ရွှင်သောအသံကိုလည်း သင့်ထဲ၌ မည်သည့်အခါမျှ ကြားရတော့မည် မဟုတ်။ သင်၏ ကုန်သည်ကြီးများသည် ဤကမ္ဘာလောကတွင် အရှိန်အဝါကြီးသူများ ဖြစ်ကြ၏။ လူမျိုးအပေါင်းတို့သည် သင်၏ ပြုစားခြင်းဖြင့် လှည့်ဖြားခံကြရပြီ။ 24 ပရောဖက်များ၊ သန့်ရှင်းသောသူများနှင့် ကမ္ဘာလောက၌ အသတ်ခံရသူအပေါင်းတို့၏ သွေးတို့ကို ထိုမြို့၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။ |
ခေတ်သစ်မြန်မာ သမ္မာကျမ်း™
မူပိုင်ခွင့်၊ © Biblica Inc. ၁၉၈၅၊ ၂၀၂၄
ခွင့်ပြုချက်ဖြင့် အသုံးပြုသည်။ ကမ္ဘာတစ်ဝန်းမူပိုင်ခွင့်များရယူပြီးဖြစ်သည်။
Burmese Contemporary Bible™
Copyright © 1985, 2024 by Biblica, Inc.
Used with permission. All rights reserved worldwide.
Biblica, Inc.